အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်

နိရဥ္ဒရာ၊ အောက်တိုဘာ ၃ဝ/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာကျေးမှ နေအိမ်တစ်အိမ်ကို ယနေ့ နံနက် ၉ နာရီခန့်က စစ်တပ်က ဝင်ရောက်စစ်ဆေးနေကြောင်း  သတင်းရရှိသည်။

ဝင်ရောက်စစ်ဆေးခံနေရသည့်နေအိမ်မှာ လယ်ယာလုပ်ကိုင်သူ ဦးထွန်းဘော်ဆိုသူ၏ နေအိမ်ဖြစ်ကြောင်း အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

 ရွာကို ဝင်လာတာက စစ်သား အင်အားတစ်ရာလောက်ပါပါတယ်။ လက်နက်တွေနဲ့ပါ။ အခုထိ အဲဒီ အိမ်မှာ စစ်သားတွေ ရှိနေကြပါသေးတယ်ဟုပြောသည်။

၎င်းစစ်ကြောင်းမှာ စစ်ကဲပြင်မူဆလင်ကျေးရွာ ရဲကင်းစခန်း ဖြိုဖျက်ခံရသည့် ကိစ္စဖြင့် စစ်ကဲပြင် ကျေးရွာသို့ ရောက်ရှိနေသည်မှာ ၂ ရက်ရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နံနက်က ပြိုင်းတောင် ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း နောက်ထပ် ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

အဲဒီစစ်ကဲပြင်ရဲကင်းစခန်း ကိစ္စနဲ့ သက်ဆိုင်မလားမသက်ဆိုင်ဘူးလားတော့မသိပေမယ့် ရွာထဲကို ဝင်လာတာကိုတော့ တွေ့တယ်ဟုပြောသည်။

စစ်ကဲပြင် ရဲကင်းစခန်းမှာ ရဲတပ်ဖွဲ့ဝင်မရှိသည်မှာ ၂ နှစ်ကြာပြီဖြစ်ပြီး လွန်ခဲ့သည့်  ၁ဝ ရက်ခန့်က လူမရှိသည့်အဆိုပါ ရဲကင်းစခန်းမှာ ဖြိုဖျက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ စစ်တပ်မှ ကင်းလှည့် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

နေအိမ်တွင်းသို့ဝင်ရောက်စစ်ဆေးခံနေရသည့် အိမ်ပိုင်ရှင် ဦးထွန်းဘော်အား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အကြောင်းအရင်း တစ်စုံတစ်ရာ မသိရသေးပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမင်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရတို့အား မေးမြန်းစုံစမ်းရန် ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးပါ။

( Photo by VOA Burmese)

ဆက်စပ် သတင်းများ