ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း တမန်းသားနှင့်ရေနောက်ငါးသားကျေးရွာအနီး သေနတ်သံများကြားရ၍ ဒေသခံများစိုးရိမ်မှုမြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

ချစ်အိလှိုင်

နိရဥ္စရာ၊ နိုဝင်ဘာ ၉/၂ဝ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာ အနီးတွင် ယနေ့ နံနက်က သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရ၍ ဒေသခံများ အကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု သတင်းရရှိသည်။

 

၎င်းသေနတ်သံများကို ယနေ့နံနက် ၁၁နာရီခန့်က အချိန်အနည်းငယ်ကြာ ကြားခဲ့ရသည်ဟု အနီးအနားရှိ ဒေသခံ ရွာသားများက ပြောသည်။

 

အမည်မဖော်လိုသူ တမန်းသားကျေးရွာသားတစ်ဦးက လက်နက်ကြီးပစ်သံ လေးငါး၊ ခြောက်ချက်လောက် ကြားလိုက်တယ်။ အေအေနဲ့ဖြစ်တယ်လို့ ပြောနေကြတယ်။ ရွာသားတွေအနေနဲ့ တိတိကျကျ မပြောနိုင်ဘူး။ ရွာသားတွေကတော့ ကြောက်နေကြတယ်ဟုပြောသည်။

 

ယနေ့ နံနက်က မြန်မာစစ်တပ်စစ်ကြောင်းတစ်ခုမှ တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းစဉ် ရက္ခိုင့်တပ်တော် (AA) စခန်းနှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများ ကျယ်လောင်စွာကြားရကြောင်း  နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ဒေသခံ တစ်ဦးက ပြောသည်။

 

၄င်းအပြင် နောက်ထပ် ဒေသခံတစ်ဦးကလည်း ညနေ ၄ နာရီခန့်က စစ်တပ်ကားတစ်စီးမှာ မန်းသားကျေးရွာဖက်သို့ တက်သွားကြောင်း ပြောသည်။

 

နောက်ထပ် ဒေသခံ တစ်ဦးက  သူတို့က ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ ပြောတယ်။ သွားတဲ့အချိန်မှာ AA စခန်းနဲ့တွေ့တယ်ပေါ့။ အဲဒီမှာ တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရတယ်ဟုပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှဝင်အား နိရဥ္စရာမှမေးမြန်းရာ ၄င်းမှာနေမကောင်းသဖြင့် ခွင့်ယူထားကြောင်း၊ တစ်စုံတစ်ရာမသိရှိရသေးကြောင်း ပြောသည်။

 

ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာဖြေကြားခြင်း မရှိသေးသဖြင့် AA နှင့် တိုက်ပွဲ ဖြစ်ပွားမှု ဟုတ်/ မဟုတ်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

 

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား တိုက်ပွဲ မဖြစ်သည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ