သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ချစ်အိလှိုင်

နိရဥ္စရာ၊ နိုဝင်ဘာ ၉/ ၂ဝ၂၁

ရက္ခိုင့်တပ်တော်(AA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောနယ်စပ်တွင် ယနေ့နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းတွင် နယ်ခြားစောင့်တပ်များဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းက မောင်တောမြို့နယ် တမန်းသားကျေးရွာနှင့် မင်္ဂလာညွှန့်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကိုတိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အမည်မဖော်လိုသူ မင်္ဂလာညွှန့်ကျေးရွာသားတစ်ဦးက ရဲစခန်းမှာရဲတပ်ဖွဲ့ဝင်တွေထပ်တိုးထားတာပါ။ ညပိုင်းဆိုတော့ ရွာသားတွေ အိမ်ထဲက မထွက်ရဲကြဘူး။ ရွာထဲမှာ စစ်သားတွေ ရောက်နေတယ်လို့လည်း ကြားရပါတယ်ဟု ပြောသည်။

၄င်းအပြင်စစ်တပ်ကားနှစ်စီးနှင့် ခြေလျင်တပ်သားအင်အားအများအပြား တမန်းသားကျေးရွာမှဖြတ်၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဘက်သို့ တက်သွားကြောင်း၊ ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို  စိုးရိမ်နေကြကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးကပြောသည်။

ရွာသားတွေကြောက်နေကြတယ်။ မနက်ဖြန်မှာအခြေအနေ မကောင်းရင်တော့ ရွာက ရှောင်ရှားသင့်ရင် ရှောင်ရှားရမှာပေါ့။ စစ်ကြောင်းတက်သွားတဲ့အခါမှာ တမန်းသား ကျေးလက် ကျန်းမာရေးက ဆေးဝါးတွေ အကူအညီတောင်းသွားတယ်လို့ကြားရတယ်ဟုပြောသည်။

 ရက္ခိုင့်တပ်တော်( AA) မှ ပြောခွင့်ရသူဦးခိုင်သုခအား ဖုန်းဖြင့်ဆက်သွယ်ရာတွင်  မနက်ဖြန်တွင် ဖြေသင့်ဖြေထိုက်သည်များကိုဖြေကြားပေးမည်ဖြစ်ကြောင်းပြောဆိုပြီး သီးခြားတစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်းမရှိခဲ့ပါ။

 မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးကလည်း ၄င်းမှာခွင့်ယူထားသဖြင့် မောင်တောတွင် ရှိမနေကြောင်း ပြောဆိုသည်။

 

-----------

ဆက်စပ် သတင်းများ