ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပင်လယ်ပြင်ရှိ ကျွန်း ၄ကျွန်းအနီး၌ ယနေ့ စစ်တပ်မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် လက်ရှိ စစ်ရေးပဋိပက္ခများမရှိဘဲ တည်ငြိမ်နေချိန်တွင် စစ်တပ်က ပင်လယ်ပြင်ရှိ ကျွန်း ၄ ကျွန်းအနီး၌ လက်နက်ကြီးများစမ်းသပ် ပစ်ခတ်မည်ဟု သတင်းရရှိသည်။
၎င်းစမ်းသပ်ပစ်ခတ်မှုကို ဖေဖော်ဝါရီ ၁၉ ရက် ယနေ့တွင် မေယုကျွန်း၊ နံ့သာကျွန်း၊ မာန်အောင်ကျွန်းနှင့် ကျွန်းသာယာတို့ အနီးရှိ ပင်လယ်ပြင် ၁ဝမိုင်ပတ်လည်တွင် ပစ်ခတ်မှု ပြုလုပ်သွားမည်ဟု သိရသည်။
ထိုသို့ ပစ်ခတ်စမ်းသပ်မည်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားမှုများ ရှိကြောင်း သိရှိရသဖြင့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်သို့ နိရဉ္စရာသတင်းက ဆက်သွယ်ရာ စမ်းသပ် ပစ်ခတ်မှု ပြုလုပ်မည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။
“ ရသေ့တောင်မှာတော့ မေယုကျွန်းနဲ့ နံ့သာကျွန်းအနီး ၁ဝမိုင် ပတ်ဝန်းကျင်လို့ ပြောပါတယ်။ ငါးဖမ်းလှေတွေ၊ သင်္ဘောတွေနဲ့ ဘေးပတ်ဝန်းကျင်က တခြား လှေတွေကို အသွားအလာမလုပ်ဖို့ အကြောင်းကြားထားပါတယ်။ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မယ်လို့ ဖြစ်ပါတယ်” ဟုပြောသည်။
၎င်းတို့အနေဖြင့် မည်သည့် လက်နက်အမျိုးအစား၊ မည်သည့် စစ်တပ် အာဏာပိုင်တပ်ရင်များမှ စမ်းသပ်ပစ်ခတ်မည်ကို သိရှိထားခြင်း မရှိကြောင်း ပြောသည်။
မာန်အောင်မြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင်တစ်ဦးက “ ကျွန်တော်တို့ကို အကြောင်းကြားလာတာ မရှိသေးပါဘူး။ တကယ်လို့ အကြောင်း ကြားထားခြင်းမျိုးမရှိပဲ ဒီလိုလက်နက်ကြီး ပစ်မယ်ဆိုရင် စိုးရိမ်တာပေါ့ဗျာ” ဟုပြောသည်။
မာန်အောင်ကျွန်းနှင့် ကျွန်းသာယာစခန်းများတွင်ဖေဖော်ဝါရီလ ၁၉ရက်နှင့် ၂ဝ ရက်နေ့များတွင် စမ်းသပ်ပစ်ခတ်မည် သိရသည်။
နိရဉ္စရာအနေဖြင့်အတည်ပြုနိုင်ရန် မာန်အောင်မြို့နယ်အုပ်ချုပ်ရေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ လတ်တလောတွင် ဆက်သွယ်မှုမရှိသေးပါ။
အဆိုပါ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည့်နေရာအနီးရှိ နံ့သာကျွန်းတွင် ကမ္ဘာတစ်ဝှမ်းရှိ ရှားပါးမျိုးစိတ်ငယ်များ လာရောက်ဆောင်းခိုကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ