အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် သဲခုံကျွန်းအနီး ကုန်တင်စက်လှေနှစ်စီး မြန်မာရေတပ်၏ပစ်ခတ်ခြင်းကိုခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးတွင် ယမန်နေ့ညနေက ကုန်တင်စက်လှေနှစ်စီးသည် မြန်မာရေတပ်၏ပစ်ခတ်ခြင်းကိုခံခဲ့ရသည်ဟု ယင်းအနီးအနားရှိဒေသခံများက ပြောသည်။
အဆိုပါစက်လှေနှစ်စီးတွင် လူဦးရေ ၁၅ ဦးခန့်ပါဝင်ပြီး ယမန်နေ့ ညနေ ၅ နာရီကျော်တွင် သဲခုံကျွန်းအနီးမှ ဘင်္ဂလားပင်လယ်အော်ဘက်သို့ မောင်းနှင်နေစဉ်အတွင်း စစ်တွေမြို့ဘက်မှ ထွက်ခွာလာသည့် နေဗီဇက်ရေယာဉ်က ၎င်းဘုတ်နှစ်စီးနောက်သို့လိုက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သဲခုံကျေးရွာမှ ဒေသခံတစ်ဦးက "ဘုတ်နှစ်စီးကို စစ်ဖို့ခေါ်တယ်လို့ကြားတယ်။ အဲဒါကိုဘုတ်နှစ်စီးက မရပ်ဘဲ ဆက်သွားလို့လိုက်ပစ်တာ။ သူတို့ဘုတ်ကို မင်းတဲဆိပ်မှာထားခဲ့ပြီး မင်းတဲရွာဘက်တောင်ပေါ်ကို ပြေးသွားတယ်။ သူတို့အဲပေါ်ကို ပြေးသွားတော့ နေဗီလည်း ဆက်မလိုက်တော့ဘူး" ဟုပြောသည်။
မင်းတဲကျေးရွာဘက်သို့ထွက်ပြေးသွားသူများအနက် တစ်ဦးတွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ခန့်မှန်းမိကြောင်း သူက ဆက်ပြောသည်။
စက်လှေပေါ်တွင်ကျန်ခဲ့သူ ၄ ဦးကိုလည်း နေဗီကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်လှေနှစ်စီးကိုလည်း နေဗီဇက်ရေယာဉ်ဖြင့် ဆွဲယူသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါစက်လှေနှစ်စီးမှာ ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့နေသည့် စက်လှေဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝနယ်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းတို့အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ဆက်စပ် သတင်းများ