ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေမြို့ဝင်ကျောက်တန်းဂိတ်တွင် အနံ့ခံခွေးများအထိအသုံးပြုပြီး ကားများကို ဓာတ်ပုံရိုက်မှတ်တမ်းယူကာ စစ်ဆေးမှုတင်းကြပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

မြထွီးသျှင်
နိရဉ္စရာ၊ ဧပြီ ၂၇/ ၂၀၂၂
ရခိုင်ပြည်မြို့တော်အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ယခု ရက်ပိုင်း အတွင်း ခရီးသည် တင်ကားများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများနှင့် နှစ်ဘီးဆိုင်ကယ်များကို အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးသည့်အပြင် ကားများကို ဓာတ်ပုံရိုက်မှတ်တမ်းယူကာ တင်းကြပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံခဲ့ရသူ ကားသမားတစ်ဦးက “ကားပေါ်ကို အထိ အနံ့ခံ ခွေးတွေကိုတင်ပြီး စစ်ဆေးတယ်။ ကားပေါ်မှာ ပါလာတဲ့ အထုတ်တွေကိုစစ်တယ်။ ဒီနေ့လည်း အစစ်ဆေးခံခဲ့ရသေးတယ်။ အခုတလောနေ့တိုင်းနီးပါးစစ်တယ်။ ဆိုင်ကယ်ဘောက်စ်တွေကိုလည်း ဖွင့်ပြီးစစ်တယ်။ ဘာကြောင့်စစ်တာလည်းတော့မသိဘူး” ဟု နိရဉ္စရာသို့ပြောသည်။
ယခုကဲ့သို့ တင်းကျပ်စွာ စစ်ဆေးမှုမှာ ရက်သတ္တပတ်ခန့်ရှိနေပြီဖြစ်ပြီး စစ်ဆေးသည့် အကြောင်းအရင်းကို မသိရသေးဟု ဆိုသည်။
ရသေ့တောင်မြို့မှ စစ်တွေသို့ ခရီးသည်ပို့ဆောင်နေသည့် ကားသမားတစ်ဦးက
“ကျနော်တို့ ကားတွေကိုတော့ ဘယ်ကိုသွားမှာလဲဆိုပြီးမေးတယ်။ သူတို့က ကားတွေစစ်တဲ့အခါ ခွေးတွေကိုတင်ပြီး အနံ့ခံခိုင်းတယ်။ နောက်ပြီး ဓာတ်ပုံရိုက်တယ်။ အဲလိုမျိုးလုပ်တယ်၊ ပြီးရင် လွတ်ပေးလိုက်တယ်။ ဘာကြောင့် ဒီလုပ်တာလည်းလို့ မေးတဲ့အခါတော့ မှတ်တမ်းယူတာလို့ ပြောတယ်” ဟုပြောသည်။
အဆိုပါ စစ်တွေမြို့ အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ယခင် စစ်ပွဲဖြစ်ပွားခဲ့သည့် ကာလ၌ စစ်ဆေးတင်းကျပ်မှုများ ရှိခဲ့သော်လည်း တိုက်ပွဲများရပ်သွားသည့် အချိန်မှစပြီး တင်းကျပ်စွာစစ်ဆေးမှုမရှိဘဲ ရှိနေခဲ့ရာမှ ယခုရက်ပိုင်းအတွင်းတွင် အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ခရီးသည်များကပြောသည်။
စစ်တွေမှ ကျောက်တော်သို့ နေ့စဉ်အပြောင်းအပြန်ပြေးဆွဲနေသည့် ခရီးသည်တင် ကားမောင်းသူ ကိုမင်းစိုးခိုင်က “ကျနော်တို့သွားရင်တော့ တစ်ကြိမ်မှ စစ်ဆေးတာတော့ မရှိဘူး။ တခြားကားတွေကိုတော့ ရပ်လို့ မြင်ခဲ့တယ်။ ဘယ်ကကားတွေမှန်းတော့ မသိဘူး။ ရပ်ပြီးတော့ ဘာတွေကိုစစ်နေလဲတော့မသိဘူး၊ ကား လေးငါးခြောက်စီး အဲသလိုမျိုး စစ်ဆေးတာတော့ မြင်ခဲ့တယ်။ ကျနော်တို့ကတော့ နေ့တိုင်းထွက်နေတဲ့ကားမို့ သူတို့က မျက်နှာရင်းနှီးနေပြီမို့ မစစ်ဆေးတာဖြစ်မယ်ထင်တယ်” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ သိရှိလိုသဖြင့် ရခိုင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဉ္စရာသတင်းဌာက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
လက်ရှိ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမတစ်လျှောက်တွင်တည်ရှိသည့် စစ်ဆေးရေးဂိတ်များ အနက် ကျောက်တန်းဂိတ်သည် အမ်း ပဲပဒုံစုပေါင်း စစ်ဆေးရေးဂိတ်လောက် အဆိုးဆုံးစာရင်းတွင် မပါဝင်သေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ၎င်းအမ်းစစ်ဆေးရေးဂိတ်သည် ရခိုင်သို့ တင်သွင်းသည့် ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းများ အပါအဝင် တခြားလူသုံးကုန်ပစ္စည်း တချို့ကို ပြည်နယ် နယ်လုံဝန်ကြီး လက်မှတ်ပါ သယ်ယူခွင့် ပြုကြောင်း သိရသည်။

ဆက်စပ် သတင်းများ