ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်တွင် စက်လှေတစ်စီး သေနတ်ပစ်ဖောက် ခေါ်ယူခံခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မေ ၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာအနီးရှိကုလားတန်မြစ်တွင် စက်လှေတစ်စီးသည် ယနေ့နံနက်က စစ်တပ်၏ သေနတ်ပစ်ဖောက်ခေါ်ယူခြင်းကို ခံခဲ့ရသည်ဟု မျက်မြင်များက ပြောသည်။
မျက်မြင်ဒေသခံတစ်ဦးက “အဲဒီစက်လှေကို ခေါ်တာ မကပ်ခဲ့လို့ ၂ ချက်ပစ်တယ်။ ထိခိုက်မှုတော့ ဘာမှ မရှိဘူး။ အဲဒီစက်လှေလည်း မကပ်ခဲ့တော့ဘူး”ဟု ပြောသည်။
ကုန်ပစ္စည်းတင်ပို့သည့်အဆိုပါစက်လှေသည် ကျောက်တော်မှ ပလက်ဝမြို့သို့ ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်က သွားရောက်စဉ် ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာအနီးတပ်စွဲထားသည့် စစ်တပ်က သေနတ်ဖောက်ကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတပ်သည် ကုလားတန်မြစ်အတွင်း ကုန်ပစ္စည်းတင်ပို့သည့်စက်လှေများနှင့် ခရီးသွားစက်လှေများကို ယခုကဲ့သို့ မကြာခဏစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
စားဝတ်နေရေးကျပ်တည်း၍ ခက်ခဲစွာရှာဖွေစားသောက်နေရချိန်တွင် လွတ်လပ်စွာရှာဖွေစားသောက်ခွင့်မရဘဲ သေနတ်ပစ်ကာ ခေါ်ယူစစ်ဆေးသည့်လုပ်ရပ်ကို လက်ခံ၍မရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“စားဝတ်နေရေးအခက်ခဲအမျိုးမျိုးကြောင့် ဟင်းရှာဖို့သွားသူသွားမယ်။ ထင်းခွေဖို့သွားသူသွားတယ်။ မြို့ပေါ်မှာရောင်းချဖို့လေ။ ဒါတွေကို လွတ်လွတ်လပ်လပ်သွားခွင့်ရစေချင်တယ်”ဟု ပြောသည်။
တရားဝင်နိုင်ငံတွင် တရားဝင်အခွန်ဆောင်ပြီး ထုတ်လုပ်ရောင်းချနေသည့်ပစ္စည်းကို တင်ပို့ရာတွင် အကန့်အသက်များဖြင့်အစစ်အဆေးများကြား သွားလာနေရသည့်အခြေအနေများမှာ လူမှုဘဝများ အခြေအနေဆိုးသထက်ဆိုးအောင် လုပ်နေသည်လားဟု သုံးသပ်မိသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက နိရ ဉ္စရာကိုပြောသည်။
“ဒါတွေဟာ တနည်းနည်းနဲ့ လူတွေရဲ့လူမှုဘဝတွေကို ထိခိုက်တဲ့ကိစ္စတွေဖြစ်တယ်။ ရခိုင်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တယ်ဆိုတာလည်း ဒါတွေကြောင့်ပါတယ်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေကို ထိခိုက်တဲ့ကိစ္စတွေဖြစ်လာတဲ့အခါ အလုပ်လုပ်ရင်း အရှုံးပြတဲ့ပုံစံဖြစ်လာပြီး မိရိုးဖလာလုပ်စားမှုတွေကို ကျောခိုင်းလာတဲ့အခြေနေတွေဖြစ်လာတယ်။ ဆိုလိုတာက လူတွေရဲ့ ဘဝတွေကို တစ်နည်းနည်းနဲ့ အခြေအနေ ဆိုးသထက်ဆိုးအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေလားဆိုတာကတော့ သုံးသပ်စရာရှိတယ်”ဟု ပြောသည်။
ကုလားတန်မြစ်ကြောင်းအထက်ပိုင်းတွင် အဓိကစစ်ဆေးသည့် စစ်ဆေးရေးဂိတ် ၂ ခုရှိပြီး တစ်ခုမှာ ကျောက်တော်မြို့အနီးမှ တပ်မဌာနချုပ် စကခ(၉)ဖြစ်ပြီး ကျန်တစ်ခုမှာ ပလက်ဝမြို့တွင် အခြေစိုက်ထားသည့် တပ်ရင်း (၂၈၉) ဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - ကုလားတန်မြစ်အတွင်းသွားလာနေသည့် စက်လှေငယ်တစ်စီးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ