ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်တပ်မတော်(ANC/AA) ပူးပေါင်းပါဝင်သည့် Cobra စစ်ကြောင်းက စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်၍ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

 

နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂

 

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင်ပြည်တပ်မတော် (ANC/AA) ပူးပေါင်းပါဝင်သည့် Cobra မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်းမှ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုအား တိုက်ခိုက်ခဲ့ပြီး  လက်နက်ခဲယမ်းမီးကျောက် အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းရရှိသည်။

 

တိုက်ပွဲမှာ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခလရ ၈ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက် ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Cobra စစ်ကြောင်းမှ ဓာတ်ပုံများနှင့်တကွ သတင်း ထုတ်ပြန်သည်။

 

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်တပ်မတော်( ANC/AA) ဗိုလ်မှူးကြီးမင်းထွန်းက နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်းကို အတည်ပြုပြောကြားသည်။

 

"တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရမှုက ပြောပလောက်အောင်မရှိဘူး။ အသေးအဖွဲ့ ဒဏ်ရာရတာ ၃ ယောက်လောက်တော့ရှိတယ်။ စစ်ကောင်စီဘက်ကတော့ လူအများ ထိခိုက်ဒဏ်ရာရမယ်လို့ မျှော်လင့်ရတယ်။ သို့သော်လည်း ကျန်ခဲ့တာက အလောင်း ၂ လောင်းပဲတွေ့ရတယ်။ ထိခိုက်ဒဏ်ရာရပြီး ပါသွားမယ်လို့တော့ ခန့်မှန်းကြတယ်ပေါ့လေ"ဟု ပြောသည်။

 

ကော်ဘရာစစ်ကြောင်းသည် ကရင်ပြည်နယ် တပ်မဟာ (၆) ၏ ထိမ်းချုပ်နယ်မြေတွင် မဟာမိတ် တပ်ပေါင်းစုအဖြစ် စုဖွဲ့ထားသည့် တော်လှန်ရေး တပ်ပေါင်းစုဖြစ်ပြီး ထိုစစ်ကြောင်းတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ရခိုင်ပြည်တပ်မတော် (ANC/AA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်း ပါဝင်သည်ဟု သိရသည်။  

 

ရခိုင်ပြည်တပ်မတာ်အနေနှင့် နယ်ချဲ့လူမျိုးကြီးဝါဒကိုင်စွဲထားသည့်ရန်သူကို လက်နက်ကိုင် တိုက်ထုတ်မည့်ဘုံရည်မှန်းချက်တူလျှင်  မည်သည့်နယ်မြေ၊ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်မဆို လက်တွဲသွားမည်ဟု ဗိုလ်မှူးကြီးမင်းထွန်းက ဆက်ပြောသည်။

 

"မည်သည့်နယ်မြေ၊ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့မဆို၊ မည်သည့် ဒီမိုကရေစီ အင်အားစုနဲ့မဆို ကျွန်တော်တို့ဟာ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ ရန်သူကို လက်နက်ကိုင် တိုက်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်တူရင် ဘယ်သူနဲ့မဆို လက်တွဲသွားမယ်။ ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းနဲ့  လက်တွဲတိုက်ပွဲဝင်တဲ့ သဘောပေါ့လေ"ဟု ပြောသည်။

 

ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲမှ ကနေဦး အနေဖြင့် သိမ်းဆည်းရမိသော RPG ဗုံးသီး ၂၆ လုံး၊ RPG ပို့ယမ်း ၂၁ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၂၁ လုံး ၊ လက်ပစ်ဗုံး ၁၇ လုံး၊ စကုတ် ၂ ခု၊ မိုင်းရှာစက် ၁ ခု၊ ၄၀ မမ ၃၁ လုံး၊ အမျိုးအမည်မသိ 79  ၃ လုံး၊ ဖြိုခွင်းရေး ယမ်းမဲ ၇ ချောင်း၊ ၆၀ မမ ၂၉ လုံး၊ အီနာဂါ  ၂၂ လုံး၊ ၅.၅၆ ကျည် ၅၀၀၀၊ စက်လတ်ကျည် ၃၀၀၀ MA - 1  ၁လက်၊ ဂျန်ဘာစက် ၁ ခု၊ ကီးပတ်ဖုန်း ၇ လုံး၊ Touch screen ဖုန်း ၄ လုံး၊ ငွေ သိန်း ၂၀ ၊မိတ်ကပ် ၂ဘူးနှင့် ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ စသည်ဖြင့် စစ်အသုံးအဆောင်ပစ္စည်း များစွာကို သိမ်းဆည်းရမိခဲ့ကြောင်း Cobra ကော်ဘရာ စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကော်ဘရာစစ်သည်များ လက်ရှိ အချိန်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ