သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်အထက်ပိုင်းသို့ပြေးဆွဲသည့်စက်လှေများအားလုံး တစ်ပတ်လျှင် ၃ ရက်သာပြေးဆွဲခွင့် ကန့်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ကျောက်တော်အထက်ပိုင်းသို့ပြေးဆွဲနေသည့် လိုင်းစက်လှေများအားလုံးသည် ယခုအခါ တစ်ပတ်လျှင် ၃ ရက်သာ ပြေးဆွဲခွင့်ကန့်သတ်ခံလိုက်ရကြောင်း သိရသည်။
အဆိုပါစက်လှေများသည် ယခင်က နေ့စဉ်ပြေးဆွဲခွင့်ရခဲ့ကြသော်လည်း ဇူလိုင်လ ၂၃ ရက်မှစတင်ကာ တစ်ပတ်လျှင် အင်္ဂါ၊ သောကြာနှင့် စနေ (၃)ရက်သာ ပြေးဆွဲခွင့်ရတော့သည်ဟု လိုင်းစက်လှေပိုင်ရှင်များက နိရဥ္စရာကို ပြောသည်။
စက်လှေပိုင်ရှင်တစ်ဦးက “ပြီးခဲ့တဲ့စနေနေ့က ကျနော်တို့စက်လှေသွားတော့ ကျောက်တော်သကြားစက်နားက စစ်တပ်က ပြောတာ။ ၃ ရက်ပဲ ပြေးဆွဲခွင့်ရတော့မယ်လို့”ဟု ပြောသည်။
ကန့်သတ်ခံလိုက်ရသည့် စက်လှေများတွင် ကျောက်တော်-မီးဝ၊ ကျောက်တော်-ကွမ်းဇဲ၊ ကျောက်တော်-ဂြင့်ခါးစေ့၊ ကျောက်တော်-သားပုန်စသည့် ကျောက်တော်မှ မီးဝကြားရှိ လိုင်းစက်လှေများအားလုံး ပါဝင်သလို ကိုယ်ပိုင်စက်လှေငယ်များလည်း ပါဝင်သည်ဟု သိရသည်။
ယခုရာသီသည် သီးနှံများပေါ်ချိန်ဖြစ်၍ ယခုကဲ့သို့ လိုင်းစက်လှေများပြေးဆွဲခွင့်ကန့်သတ်ခံလိုက်ရသည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးနစ်နာမှုဖြစ်ပေါ်နေရကြောင်း စိုက်ခင်းပိုင်ရှင်တစ်ဦးက ပြောသည်။
“ဒီအချိန်က ရောင်းစားနေရတဲ့ သီးနှံအချိန်လေ။ နေ့စဉ်ရောင်းနေတာတောင်မှ အသီးတွေက ပုပ်သွားတာတွေရှိတယ်။ အခုလို သွားလာခွင့်ကန့်သတ်ခံလိုက်ရတော့ လိုင်းစက်လှေရှိတဲ့ရက်ကိုစောင့်ရင်း တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်ကမ်းခြေလုံးမှာ ဆုံးရှုံးမှုတွေရှိတာပေါ့”ဟု ပြောသည်။
ကျောက်တော်-ပလက်ဝစက်လှေလိုင်းကိုလည်း ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၂၈ ရက်က ပလက်ဝမြို့တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီးနောက် စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။
လက်ရှိတွင် ကျောက်တော်မှပလက်ဝသို့ အစိုးရ ဇက်ရေယာဉ်တစ်ခုတည်းသာ တစ်ပတ်လျှင် ၂ ရက်တည်း ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ