ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ သြဂုတ် ၃/၂၀၂၂
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲ ဆက်ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ်၊ နှမဒါချောင်းထဲရှိ သူဌေးကုန်းကျေးရွာအနီးတွင် မနေ့နံနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေပြီး သေနတ်သံများ ကြားနေရကြောင်း ဒေသခံတစ်ဦးက နေ့လယ် ၁ နာရီက ဖုန်းဆက်မေးမြန်းစဉ် နိရဉ္စရာသတင်းဌာနကို ပြောသည်။
"မနေ့က ပလက်ဝမြို့နယ်မှာ တိုက်ပွဲနှစ်ပွဲ၊ သုံးပွဲဆက်တိုက်ဖြစ်ပြီး ဒီနေ့လည်း ဆက်ဖြစ်နေကြပါတယ်။ ၂ ဘက်တိုက်ပွဲဖြစ်နေတာပါ။ သေနတ်ပစ်သံတွေကို ဆက်တိုက်ကြားနေရပါတယ်" ဟု ပြောသည်။
ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းဘက်မှလည်း လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုမျာလည်း ရှိနေသည်ဟု ဒေသခံများကပြောသည်။
ပလက်ဝဒေသခံတစ်ဦးက " အခု ခမရ ၂၈၉ စစ်သားတွေလည်း သွားလာ လှုပ်ရှားနေတာတွေကို မြင်ရတယ်။ စစ်ကူအင်အားရာချီပြီး မနေ့က တိုက်ပွဲဖြစ်တဲ့ သူဌေးကုန်းဘက်ကို စစ်ကူလိုက်သွားကြတာတွေ့တယ်။ အဲ့ဘက်မှာ အခုထိတိုက်ပွဲဖြစ်တုန်းပါ"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို နိရ ဥ္စရာအနေဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားခြင်းမရှိသေးပါ။
ယမန်နေ့ သြဂုတ် ၂ ရက်နေ့ကလည်း ပလက်၀မြို့နယ် အပြင် ရခိုင်- ဘင်္ဂလာဒေ့ရှနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင် ၄၀ နှင့် ၃၈ အနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ( ၂) ကြိမ်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူများက ပြောသည်။
ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့ကလည်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။(NN-7)

ဆက်စပ် သတင်းများ