စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဩဂုတ် ၁၃ ရက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၂ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိထားဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ၊ သြဂုတ် ၁၃/၂၀၂၂

ယနေ့ ဩဂုတ် ၁၃ ရက်နေ့  ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများလည်း  သိမ်းဆည်းရမိထားသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာကို ပြောသည်။

"ဒီနေ့ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာအထက် မယူတောင်ကျော်လမ်းထဲမှာ မြန်မာစစ်တပ်နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကြားမှာ ထိတွေ့တိုက်ပွဲဖြစ်တာတော့ရှိတယ်။ အဲ့ဒီထိတွေ့မှုဖြစ်စဉ်အတွင်းမှာ မြန်မာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ လက်နက်၊ ခဲယမ်းမီးကျောက်တချို့လည်း ကျနော်တို့ သိမ်းဆည်းရမိထားတာရှိပါတယ်"ဟု ပြောသည်။

ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒုံးပိုက်ကျေးရွာအထက် မယူတောင်တန်းတွင်  နှစ်ဘက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ကျဆုံးသူ ၃၀ အထက်ရှိကြောင်းနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း အေအေနှင့်နီးစပ်သော သတင်းရင်းမြစ်များအရ သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်ဘက်က ကျဆုံးအရေအတွက်၊ ဖမ်းမိခဲ့သည့် သုံပန့် အရေအတွက်နှင့် လက်နက်ခဲယမ်းမီးကျောက် စာရင်းများကို ဦးခိုင်သုခက လောလောဆယ်ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။  

ယနေ့ မေယုတောင် တိုက်ပွဲ အပြင်  မောင်တောမြောက်ပိုင်း ဝေလာတောင်အနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲတွင်လည်း စစ်တပ်ဘက်က အထိအခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။

"နောက်တစ်နေရာကတော့ မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ဘက်မှာလည်း ဒီနေ့ ထိတွေ့မှု တချို့ရှိတယ်။ အဲ့ဒီထိတွေ့မှု ဖြစ်စဉ်အတွင်းမှာလည်း မြန်မာစစ်တပ်ဆီက ကျနော်တို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိပါတယ်။ မြန်မာစစ်တပ်ဘက်က နောက်ထပ် ထိခိုက်ကျဆုံးမှုတွေလည်း ရှိနိုင်ပါတယ်"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်ရွာ နှင့်ချိန်ခါလီရွာအကြား ကားလမ်းမထက်တွင် သေဆုံးနေသော စစ်သား အလောင်းများကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

"ဒုံးပိုက်နဲ့ချိန်ခါလီကြားမှာတွေ့ခဲ့တာ။ ဆိုင်ကယ်နဲ့ဖြတ်သွားရင်းပေါ့။ သေနေတဲ့အလောင်းက ၃လောင်း၊ ၄လောင်းလောက် ရှိမယ်ထင်တယ်။ ကျွန်တော်လည်း ကြောက်ပြီးတော့ ဆင်းမကြည့်ခဲ့ဘူး။ ဆိုင်ကယ်ကိုအရှိန်မြှင့်မောင်းပြီး ပြန်ပြေးလာခဲ့တာ။ ဒုံးပိုက်နဲ့ချိန်ခါလီကြားက ကားလမ်းကွန်ကရစ် လမ်းထက်မှာ ကျောပိုးအိတ်တွေနဲ့သေနေကြတာ။ မနက်ကဖြစ်တဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီရွာကြားက ကျော်လမ်းမြောင်တိုက်ပွဲက စစ်သားတွေလို့တော့ထင်တယ်"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မယူတောင်တန်းအနီးမှ ချိန်ခါလီကျေးရွာသေခံ လူဦးရေ ၅၀၀ ကျော်ခန့်သည် အနီးအနားရှိ ကိုးတန်ကောက် ကျေးရွာနှင့် မေယုတောင် အရှေ့ဘက်တွင် တည်ရှိသည့် သံချောင်း ကျေးရွာနှင့် ကြံတိုင်းအောင်ကျေးရွာ အစရှိသည့် ကျေးရွာများကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ကျေးရွာသားများက ပြောသည်။

တိုက်ပွဲအတွင်း ကျေးရွာသားတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။

(NN-7/12)

ဆက်စပ် သတင်းများ