- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ သြဂုတ် ၁၅/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီ တပ်တို့ အကြား ယနေ့နံနက်မှ စတင်ပြီး ပြန်လည်တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီဘက်က လေယာဉ်များအသုံးပြု တိုက်ခိုက်လာနိုင်ဖွယ် အနေအထားရှိနေသည်ဟု အေအေနှင့်နီးစပ်သော စစ်ဘက်သတင်းအရ သိရသည်။
လက်ရှိတွင် အမ်းလေယာဉ်ကွင်းတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ လှုပ်ရှား ပျံသန်းမှုများရှိနေသလို စစ်တွေလေယာဉ်ကွင်းတွင်လည်း တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး ရောက်ရှိနေသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။
ယနေ့တွင် ရခိုင်ပြည်နယ်တွင်လည်း နေရာအချို့၌ အေအေနှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ယခင်ဖြစ်ပွားခဲ့သောနေရာများတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။
ပလက်၀ဒေသခံ တစ်ဦးက "မနက် ၉ နာရီကျော် ၁၀ နာရီမထိုးခင်ကနေ တိုက်ပွဲဖြစ်နေကြတာ။ နှစ် ဘက် တိုက်ပွဲ ဖြစ်နေကြပါတယ်။ ၂၈၉ တပ်ကနေလည်း အတွဲလိုက်အမြောက်ပစ်တာ ၁၀ ချက်လောက်ရှိပြီ"ဟု နိရဉ္စရာကို ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ယခင် စစ်တပ် နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့သည့် နှမဒါချောင်း၊ သူဌေးကုန်းကျေးရွာ ၊ ပကာချောင်းဝအနီးအနားတွင် ဖြစ်ပွားနေပုံရသည်ဟု ၎င်းက ဆိုသည်။
"၉ ခွဲလောက်ကနေ ထင်တယ်။ အရင်ဖြစ်တဲ့နေရာဘက်မှာပဲ တိုက်ပွဲဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ လက်နက်ကြီးပစ်နေတာတော့ အချက် ၁၀ ကျော်နေပြီ"ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးနေသည့် နေရာများမှာ လာမွေတောင်၊ ရေအေးစခန်း၊ (၂၈၉)တပ်ရင်း၊ စိမ်စ့င်းတောင်ကုန်းတို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စကစဘက်က ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဦးခိုင်သုခက နိရဉ္စရာကို ပြောသည်။(NN-7)