သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေရှိ ပြည်နယ်မိုး/ဇလရုံးခြံဝင်းအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်ရှိ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးခြံဝင်းအတွင်းတွင် ယမန်နေ့ ညက မပေါက်ကွဲသေးသည့်စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဗုံးသီးဟောင်းမှာ အလျား ၁၄ လက်မ၊ အချင်း ၅ လက်မခန့်ရှိပြီး ယမန်နေ့ စက်တင်ဘာ ၃ဝ ရက် ည ၈ နာရီခန့်က မိုး/ဇလရုံးခြံဝင်းအတွင်း ပန်းပင်စိုက်ပျိုးရန် မြေကြီးအားတူးဆွရာ မြေအနက် ၆ လက်မခန့်အရောက်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရဲနွယ်စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာထွန်းလှက “ ဦးလေးကို မနေ့ညက ရဲတပ်ဖွဲ့က အကြောင်းကြားလာတယ်။ အုပ်ချုပ်ရေးမှူးသိပြီလားလို့မေးတယ်။ မသိသေးဘူးဆိုတော့ ဗုံးတစ်လုံးတွေ့တယ်လိုု့ပြောတယ်။ ဦးလေးလည်း သွားမကြည့်ရသေးဘူး” ဟုပြောသည်။
အဆိုပါဗုံးသီးဟောင်းအား စစ်တွေတပ်နယ်မှ တာဝန်ရှိသူများနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တို့က သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့အမှတ်(၁) ရဲစခန်းသို့ဆက်သွယ်ရာ ဖုန်းမကိုင်ခဲ့ပါ။
ယင်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးနေထွန်းလှိုင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ