ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးနယ်တွင် စစ်လက်ကျန်ဗုံးသီးပေါက်ကွဲ၍ မူဆလင်ကလေးငယ်နှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်တွင် ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲချိန်က စစ်လက်ကျန်ဗုံးသီးပေါက်ကွဲ၍ မူလဆင် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိ ၎င်းကလေး ၂ ဦးအား မြောင်းဘွေတိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရသည်ဟု သိရသည်။
ဒဏ်ရာရသွားသည့်ကလေး ၂ ဦးမှာ မူဟာမတ်ဂျူနိုင်(၈ နှစ်)နှင့် ကာလာပူရ်ဝါ(၇ နှစ်)တို့ ဖြစ်ကြသည်။
ပေါက်ကွဲမှုကြောင့် မူဟာမတ်ဂျူနိုင်၏ ဗိုက်နှင့် ခြေသလုံးတွင် ဒဏ်ရာရသွားခဲ့ပြီး ကာလာပူရ်ဝါ၏ ခြေထောက် ၂ ဖက်လုံးနှင့် ဘယ်ဘက်ပါးတွင် ဒဏ်ရာရသွားကြောင်း မိသားစုဝင်များက ပြောသည်။
မူဟာမတ်ဂျူနိုင်၏ဖခင်ဖြစ်သူ ဦးကာလာချေက "အခုတော့ ခွဲစိပ်ခန်းဝင်နေပါတယ်။ ကျွန်တော်တို့ကလေးကျတော့ အိမ်တွင်းမှာနေရင်း မိုင်းပေါက်ခံရတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်"ဟု ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ဦးကာလာချေ၏အိမ်တွင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းဖြစ်သည့် ဗုံးသီးဟောင်းတစ်လုံးအား ၄င်းကလေး ၂ ဦးက မိဘများမရှိချိန် ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါင်းတုတ်ကျေးရွာ ရာအိမ်မှူး ဦးဒေါ်ယာက နိရဥ္စရာကို ပြောသည်။
"ဗုံးအဟောင်းကို ကလေးတွေကောက်ရလို့ အိမ်မှာလာကစားရာမှာ ပေါက်ကွဲသွားတာပါ။ အိမ်နံရံ ၂ပေပတ်လည်လောက် ပေါက်သွားတယ်။ ကလေးတွေကငယ်သေးလို့ မသိသေးတာပါ။ အရင်ကလည်း ရွာမှာ အော်ထားပါတယ်။ တခုခုအဲ့လိုတွေ့ရင် ရွာလူကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို လာပြောပါလို့ ပြောထားပါတယ်"ဟု ပြောသည်။
ပေါင်းတုတ်(ရွာမ)ရွာတွင် ၂၀၁၉ ခုနှစ်ကလည်း လယ်ပြင်တွင်နွားကျောင်းထွက်နေသူအချို့ မိုင်းပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအထိ မြေမြုပ်မှိုင်းနှင့် စစ်လက်နက်အကြွင်းကျန်ပေါက်ကွဲမှုကြောင့် ၄၉ ဦးသေဆုံးပြီး ရဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ