ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးတွင် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲ၍ ဒဏ်ရာရသည့် လူငယ် ၃ ဦးအနက် ၁ ဦးစိုးရိမ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ မောင်လှနိုင်သန်း (၁၇ နှစ်)၊ မောင်ဦးလင်းအောင် (၁၇ နှစ်)နှင့် မောင်စိုးလင်းထွန်း(၁၈ နှစ်)တို့ဖြစ်ကြသည်။
၄င်းတို့ ၃ ဦးသည် နောက်ထပ် လူ ၄ ဦးနှင့်အတူ လွန်ခဲ့သည့် နှစ်များက စစ်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည့် ကျောင်းတောင်ကျေးရွာနှင့် ၂ မိုင်အကွာ ဆင်သေကိုင်းတော၌ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ထင်းခွေသွားရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒဏ်ရာရရှိသူများအနက် မောင်လှနိုင်သန်းတွင် ဘယ်ဘက်လက်၌ဒဏ်ရာရရှိခဲ့ပြီး မောင်ဦးလင်းအောင်တွင် ညာဘက်လက်နှင့် နှာခေါင်း၌ အနည်းငယ် ဒဏ်ရာရရှိခဲ့သည်။
ဝမ်းဗိုက်၌ထိခိုက်ဒဏ်ရရှိခဲ့သည့် မောင်စိုးလင်းထွန်းတွင် ဒဏ်ရာစိုးရိမ်ရသော်လည်း ငွေကြေးအခက်ခဲရှိ၍ ဆေးခန်းမပြနိုင်ဘဲ ရွာ၌ ဆေးကုသထားရကြောင်း ဒဏ်ရာရသူ မောင်လှနိုင်သန်း၏ဖခင် ဦးမောင်ထွီးလှက နိရဥ္စရာကို ပြောသည်။
"ဗိုက်မှာထိခိုက်ထားတဲ့ကလေးက စိုးရိမ်စရာကောင်းတယ်။ သူတို့မှာလည်း ပိုက်ဆံမရှိဘူး။ တစ်နေ့လုပ်တစ်နေ့စားနေရတာ။ ဆေးခန်းမှာလည်းမပြနိုင်ဘူး။ ရွာမှာပဲ ဆေးသမားနဲ့ပြထားတယ်"ဟု ပြောသည်။
ဒဏ်ရာရသူများအနက် ကျန် ၂ ဦး၏ဒဏ်ရာများမှာ စိုးရိမ်စရာမရှိသည့်အတွက် ဆေးရုံဆေးခန်းများတွက် တက်ရောက်ကုသစရာမလိုဟုလည်း သိရသည်။
ယင်းနေ့က တောင်ပေါ်မှ လူငယ် ၄ ဦးသည် သစ်ပင်ကိုခုတ်လှဲ၍ တောင်အောက်သို့လှိမ့်ချရာတွင် လိမ့်ကျလာသည့်သစ်ပင်ထိမိ၍ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး တောင်အောက်ရှိ လူငယ် ၃ ဦးတွင် ယခုကဲ့သို့ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
ယခုပေါက်ကွဲခဲ့သည့်စစ်နက်လက်အကြွင်းအကျန်မှာ မည့်သည့်အမျိုးအစားဖြစ်သည်ကိုလည်း မသိရှိဟု ဆိုကြသည်။
ဒဏ်ရာရသူ မောင်လှနိုင်သန်း၏ဖခင် ဦးမောင်ထွီးလှက "ဦးလေးတို့အနေနဲ့ဆိုရင် တောထဲတောင်ထဲလည်း မသွားရဲဘူး။ လူငယ်တွေမလို့သာ သွားကြတာ။ နောက်ထပ်လည်း အများကြီးရှိနေနိုင်တယ်။ လုပ်စားဖို့လည်း တောထဲလည်းမသွားရဲဘူး။ အလုပ်အကိုင်မဖြစ် ဖြစ်နေတယ်"ဟု ပြောသည်။
ကျောင်းတောင်ကျေးရွာတွင် ယခင်ကလည်း မိုင်းပေါက်ကွဲ၍ လူ ၁ ဦးသေဆုံးခဲ့ပြီး စစ်ပွဲကာလအတွင်း ရွာထဲသို့ လက်နက်ကြီးကျရာတွင် အမျိုးသမီးငယ်တစ်ဦး၏ပေါင်၌ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ဖူးသည်။
ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်(ရွာမ)ရွာတွင် ကလေးငယ် ၂ ဦး စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအထိ မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ၄၉ ဦးသေဆုံးပြီး ရဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - မောင်ကျော်စိုး

ဆက်စပ် သတင်းများ