ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြား မင်းပုန်းတောင်တွင် ယနေ့နံနက်ကလည်း ထပ်မံပေါက်ကွဲမှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ယခင်ကတိုက်ပွဲဖြစ်ခဲ့ဖူးသည့် မင်းပုန်းတောင်တွင် ယနေ့နံနက်ကလည်း ထပ်မံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
မင်းပုန်းတောင်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၇ နာရီခန့်က ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး လူထိခိုက်မှုရှိ/မရှိကို တောင်ပေါ်သို့သွားမကြည့်ရဲသည့်အတွက် မသိရသေးကြောင်း ဖုန်သာဝကျေးရွာအုပ်ချုပ်ရေးမှူ ဦးမောင်လှက နိရ ဉ္စရာကိုပြောသည်။
“လူထိခိုက်တာလား၊ ဒါမှ မဟုတ် တောတိရစ္ဆာန်တွေထိတာလား မသိသေးဘူး။ လူတွေလည်း မသွားရဲကြဘူး။ စိုးရိမ်စရာဖြစ်ပါတယ်။ အရင်ကလည်း တစ်ခေါက်ဖြစ်ပြီးပြီ” ဟုပြောသည်။
ပေါက်ကွဲမှုကိုမြင်လိုက်ရသူ ကိုဦးမင်းစိုးကလည်း ယနေ့နံနက် ၇ နာရီခန့်က ဇိုင်ချောင်းကျေးရွာ၌ လုပ်ငန်းခွင်အတွင်း မီးလှုံနေကြစဉ် မင်းပုန်းတောင်မှပေါက်ကွဲသံ ၁ ချက်ကိုကြားလိုက်ရပြီး လှမ်းကြည့်လိုက်သည့်အခါ တောင်ထိပ်ပေါ်တွင် ပေ ၄၀ ခန့်အမြင့်ရှိ မီးခိုးလိပ်များကိုတွေ့လိုက်ရကြောင်း ပြောသည်။
ကိုဦးမင်းစိုးက“မြေမြှုပ်မိုင်းပဲဖြစ်ဖြစ်၊ စစ်ကျန်လက်နက်ပဲဖြစ်ဖြစ် ဘယ်အဖွဲ့ကမဆို ကိုယ်တို့လုပ်ခဲ့တဲ့ဟာကို ပြန်သွားချိန်မှာ သိုသိုသိပ်သိပ်နဲ့ အသေအချာ လူ့အသက်ကို တန်ဖိုးထားတဲ့အနေနဲ့ လုပ်သွားစေချင်တယ်။ မြေမြှုပ်မိုင်းတို့၊ စစ်ကြွင်းကျန်လက်နက်တွေဆိုတာက ကမ္ဘာမှာလည်း တားမြစ်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါမင်းပုန်းတောင်ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် တောင်ခြေရင်းရှိ သလူချောင်းကျေးရွာမှ ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါတောင်တွင် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်နေသည့်အတွက် အနီးပတ်ဝန်ကျင်ကျေးရွာများမှ ပြည်သူများစိုးရိမ်နေကြောင်း သိရသည်။
ဖုန်သာဝကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်လှကလည်း မင်းပုန်းတောင်ရှိ စစ်ကျန်လက်နက်နှင့် မိုင်းများကို ရှင်းလင်းရေးလုပ်ပေးစေချင်ကြောင်းနှင့် တောတောင်ကိုမှီခိုလုပ်ကိုင်စားသောက်နေရသူများအဖို့ လုပ်ကိုင်စားသောက်၍မရဆိုလျှင် စားဝတ်နေရေးအဆင်မပြေမှုများရှိနေကြောင်း ပြောကြားသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ယနေ့အထိ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် လူပေါင်း ၅ဝ ကျော်သေဆုံးပြီး ၈ဝ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အရပ်ဘက်အဖွဲ့အစည်းစာရင်းများအရ သိရသည်။
ဓာတ်ပုံ - မင်းပုန်းတောင်အား ယနေ့နံနက် ၈ နာရီခန့်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ