သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် စည်ပင်ညွှန်မှူးတိုင်ကြားခံရသဖြင့် စစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၃ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ညွှန်မှူးအား မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးက စည်ပင်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟု တိုင်ကြားထားသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက လုပ်ပိုင်ခွင့်နှင့် ဥပဒေပိုင်း အားနည်းချက် များရှိကြောင့် တိုင်ကြားချက်အပေါ်အခြေခံပြီး ရခိုင်ပြည်နယ် စည်ပင်ညွှန်မှူးအား စစ်ဆေး နေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ဒါက စည်ပင်ညွန်မှူးတစ်ဦးနဲ့ ဒါ မြို့နယ်စည်ပင်ကော်မတီဝင်တစ်ဦးရဲ့ တိုင်ကြားချက်အပေါ်မှာ ကျနော်တို့က ဒါစစ်ဆေးတဲ့အဆင့်ဘဲဖြစ်တယ်။ အဂတိလိုက်စားမှုနှင့်တိုင်တာလည်းမဟုတ်ဘူး။ အစိုးရကို ဒီလိုဒီလို ဥပဒေကြောင့်ပါ။ စည်ပင်သာယာရေး ဥပဒေအားနည်းချက်တွေ ထောက်ပြတယ်။ စည်ပင်သာယာရေး လုပ်ပိုင်ခွင့်တွေကို ကော်မတီရဲ့လုပ်ပိုင်ခွင့်တွေကို တိုင်ထားတာတွေဆိုပြီးတော့ ဥပဒေနဲ့ပတ်သက်တာတွေများပါတယ်။ အဲဒါတွေကို တိုင်ကြားတဲ့အတွက်ပြန်ပြီးတော့ စစ်ဆေးနေတဲ့အပိုင်းဘဲ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ဥပဒေနှင့် မညီညွတ်သည့် အရာများကို ဆောင်ရွက်ထားသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ ထိုသို့တင်ပြထားသည့်အတွက် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်မှူး အစစ်အဆေးခံနေရသည်ဟု ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေး ဥက္ကဋ္ဌ ဦးသန်းလွင်က နိရဥ္စရာသို့ ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၂ဝ၁၃ နောက်ပိုင်းမှာ စည်ပင်သာယာရေး ဥပဒေ ဆိုတာ ပေါ်လာတယ်။ အဲဒီစည်ပင်သာယာရေး ဥပဒေသည် ရခိုင်ပြည်သူတွေက စည်ပင်သာယာရေး ဥပဒေနှင့်အညီ ကိုယ့်ရန်ပုံငွေနဲ့ ကိုယ့်ဟာကို စီမံခန့်ခွဲနိုင်အောင် လုပ်ပေးထားတဲ့ဟာကို စည်ပင်သာယာရေး အဖွဲ့က ဥပဒေနဲ့ မညီဘဲ ဆောင်ရွက်တဲ့ အတွက် ကျနော်က တင်ပြထားတာပါ။ စည်ပင် ကော်မတီတွေကို ဘာလုပ်ပိုင်ခွင့်မှ မပေး ဆိုတာတွေလည်း ပါဝင်ပါတယ်” ဟု ဦးသန်းလွင်က ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေမှုကို ဥပဒေနှင့်အညီ ပြန်လည်ဆောင်ရွက်နိုင်ရန် စီစစ်ပေးပါဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ ထိုသို့ တင်ပြထားသည့်အတွက် တာဝန်ရှိသူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးသန်းလွင်က ဆက်ပြောသည်။

“ကျနော်လည်း အစစ်ဆေးခံရမယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာဘဲ စစ်မယ်ထင်ပါတယ် ။ ဝန်ထမ်းပိုင်းကဆိုရင် ပြည်နယ်မှူးကို စစ်တယ်လို့ပြောပါတယ်။ ၂ဝ ရက်နေ့ကနေ စစ်နေတယ်လို့ပြောပါတယ် ” ဟု ယမန်နေ့က ဆက်သွယ်မေးမြန်းစဉ် ထိုသို့ပြော သည်။

စည်ပင်လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ ပြုပြင်ပြောင်းလဲရမည့် ကိစ္စများတွင် တက်တက်ကြွကြွ လှုပ်ရှားထားသော်လည်း ဖြစ်မလာသည့်အပိုင်းက များနေကြောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းငွေက ပြောသည်။

ဦးစန်းငွေက “ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ စည်ပင်ဥက္ကဋ္ဌ၊ နောက်လွှတ်တော်ဥက္ကဋ္ဌတွေ ကတိကဝတ်တွေ ပေးထားခဲ့တာတွေရှိတယ်။ အဲဒီအတိုင်းဖြစ်မလာ။ ဖြစ်မလာဆိုတာက ကျနော်တို့ အမျိုးမျိုး အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒီလွှတ်တော်ဖက်မှာ ဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌရယ်၊ တရားဥပဒေ ရေးဆွဲရေးအဖွဲ့တွေ ကျနော်တို့က တောင်းဆိုတယ်။ သူတို့က ဥပဒေအားနည်းချက်တွေကို ခရိုင်အလိုက် မြို့နယ်အလိုက် ကျနော်တို့ ကြိမ်ကြိမ် တင်ပြပေးခဲ့တာရှိတယ်။ ဖြစ်လာမယ် ဖြစ်လာမယ်နဲ့ အခုထိ ဖြစ်လာသေးဘူး။ အဲဒါကြောင့် ဦးသန်းလွင်က အစိုးရအဖွဲ့ကို တိုင်တယ်။ အခု တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့လူ အစစ်ဆေးခံနေရတာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ညွှန်မှူးနှင့် ဆက်သွယ်မှု ရရှိရန် ဖုန်းအကြိ်မ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

------------------------------

Unicode:















ဆက်စပ် သတင်းများ