သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်

နိရဉ္စရာ၊မတ် ၂၃/ ၂၀၂၁

 

ရခိုင်ပြည်နယ်အတွင်းမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်) ကို ယမန်နေ့ မတ်လ ၂၂ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

 

အဆိုပါ ဖောင်ဒေးရှင်းကို ရပ်ရွာများတွင် စာကြည့်တိုက်များ ဖြစ်မြောက်ရေးနှင့် တည်ရှိပြီးဖြစ်သည့် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး (၁) အောင်ကြည်မိုးက ပြောသည်။


တိုးတက်တဲ့လူတိုင်း စာဖတ်တယ်။ စာဖတ်တဲ့လူတိုင်း တိုးတက်တယ်ပေါ့။ ကျွန်တော်တို့က စာအုပ်တွေ အလုံအလောက်မရှိတဲ့ စာကြည့်တိုက်တွေမှာ စာအုပ်တွေကို ဖြည့်ပေးမယ်။ ဒီဖောင်ဒေးရှင်းကို ဖွဲ့စည်းလိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အဲဒါပါပဲ။ ကျေးရွာတွေက စာကြည့်တိုက်တွေမှာ စာအုပ်တွေ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို ဆက်သွယ်လို့ရပါတယ်ဟု ပြောသည်။


ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်တွင် စာဖတ်သူအရေအတွက် ကျဆင်းနေသဖြင့် ယခုလို စာကြည့်တိုက်များကို နေရာအနှံ့ တိုးချဲ့ဖွင့်လိုက်ခြင်းအားဖြင့် စာဖတ်သူများ တိုးပွားလာနိုင်သည်ဟု ၎င်းက ပြောကြားသည်။


ကျွန်တော်တို့မှာ အဖွဲ့ဝင်က အခုလောလောဆယ်က ၂၆ ဦးပဲ ရှိသေးတယ်။ တခြား အသင်းမှာ ဝင်ချင်တဲ့သူတွေလည်း လာဝင်လို့ ရပါတယ်။ အသင်းဝင်တဲ့အတွက် ငွေတွေ ပေးစရာမလိုပါဘူး။ ကျွန်တော်တို့က စာကြည့်တိုက်တွေမှာ စာအုပ်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အလှူရှင်တွေကလည်း စာအုပ်တွေ လှူချင်တယ်ဆိုရင် ကျွန်တော်တို့ ဖောင်ဒေးရှင်းကို ဆက်သွယ်လို့ရပါတယ်။


အလှမ်းဝေးသည့် ကျေးရွာများရှိ စာကြည့်တိုက်များတွင် စာအုပ်များလိုအပ်နေ၍ ယင်း ဖောင်ဒေးရှင်းသို့ ဆက်သွယ်အကူညီတောင်းခဲ့လျှင် ၄င်းတို့အဖွဲ့ဝင်များကိုယ်တိုင်သွားရောက် မကူညီပေးနိုင်သော်လည်း လက်ဆင့်ကမ်းစနစ်ဖြင့် ကူညီပေးသွားမည်ဟု ပြောသည်။

ဆက်စပ် သတင်းများ