သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

(၇) ကြိမ်မြောက်တန်ခိုးဆရာထွန်းစာပေဆု ချီးမြှင့်ပွဲဧပြီ ၈ ရက်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

ဇော်ဝင်းဌေး( ငခူချောင်း)

နိရဉ္စရာ၊ မတ်လ ၂၇ / ၂၀၂၁

၂၀၂၁ ခုနှစ် တန်းခိုဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာတွင်က ဧပြီလ ၈ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တန်းခိုးဆရာထွန်း စာပေဆုချီးမြင့်ပွဲ၌ ပေးအပ်မည့် စာပေဆုများမှာ တစ်သက်တာ စာပေဆု ၊ ဂီတစာဆိုဆု ၊ ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကဗျာဆုနှင့် ကလေးကဗျာဆုများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တန်းခိုးဆရာထွန်း တစ်သက်တာ စာပေဆုကို ဆရာကြီးအနောက်သား( စစ်တွေ)အား လည်းကောင်း၊ ဂီတစာဆိုဆုကို ရခိုင်အဆိုတော် ဝင်းကိုခိုင် အားလည်းကောင်း ချီးမြှင့်ရန် ရွေးချယ်ထားပြီး ကျန်ရှိသည့် ဆောင်းပါးဆု၊ ဝတ္ထုဆု ၊ ကဗျာဆု ၊ ကလေးကဗျာဆုရှင်များကို ဆုချီးမြှင့်ပွဲ အခမ်းအနား၌ ကြေညာ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း စာရေးဆရာ လွမ်းပြေအောင် (စစ်တွေ)က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တစ်သက်တာ စာပေးဆု ပေးအပ်ခံရတဲ့သူက အသက် ရှစ်ဆယ်နဲ့ အထက် ဖြစ်ရမယ်။ ရခိုင်ဒေသ၊ ရခိုင်လူမျိုးအတွက် စာပေနဲ့ အကျိုးပြုပေးဆပ်တဲ့သူကိုဘဲ ရွေးချယ်ပါ။ နောက်အဆိုရှင်ဆုကတော့ တေးသီချင်းတွေနဲ့ ရခိုင်လူမျိုးကို ဂုဏ်တင်ဖော်ကျုး သီဆိုသူကို ပေးတာ။ သီချင်းတစ်ခုတည်း ဆိုတာမျိုး မဟုတ်ဘဲ တေးသီချင်းလည်း ရေးတဲ့အနုပညာရှင်ကိုပေးတာ။ ကျန်တဲ့ ဆုလေးမျိုးကတော့ ပြိုင်ပွဲဝင် စာမှုတွေက ရွေးချယ်တာပါ။ အဲဒီဆု(၄)မျိုးရတဲ့သူတွေကိုတော့ ဆုချီးမြင့်တဲ့နေ့မှာဘဲ ကြေညာပေးမှာပါ ဟု ပြောသည်။

တန်ခိုးဆရာထွန်းစာပေဆုသည် ရခိုင်ပြည်နယ်တွင် ပေးအပ်ချီးမြှင့်သည့် တစ်ခုတည်းသော စာပေဆုအမျိုးအစားကြောင်းလည်း သူကဆက်ပြောသည်။

ဆရာက မြန်မာစာပေလောကမှာလည်း လွှမ်းမိုးထိုးဖောက်နိုင်စွမ်းရှိတဲ့အတွက် မြန်မာ စာပေလောကမှာလည်း တချို့သော ကျောင်းသူ၊ ကျောင်းသားတွေက တန်ခိုးဆရာထွန်းရဲ့ စာမှုတွေနဲ့ မဟာဝိဇ္ဇာဘွဲ့ယူကြတာလည်း ရှိတယ်။ လွန်ခဲ့တဲ့နှစ်ကတောင်မှ မန္တာလေး သူနာပြုတက္ကသိုလ်က ဒေါက်တာမ တစ်ယောက်ဆိုရင် ဒေါက်တာဘွဲ့တောင် တက်ယူသွားတာရှိတယ်။ အလောင်းတော်ရာမ သာခြင်းကို သုတေသနကျမ်းပြုပြီးတော့ ဒေါက်တာဘွဲ့ ရသွားတာရှိတယ်။ ဒါကြောင့်မို့ တန်ခိုး ဆရာထွန်းဟာ ရခိုင်မှာ ပြိုင်စံရှားတဲ့ သာခြင်းရေးစပ်တဲ့ စာရေးဆရာ တစ်ဦးပါ။ မြန်မာပြည်မှာ ဦးပုညနဲ့တောင်မှ နှိုင်းယှဉ်နိုင်တယ်။ ဒါကြောင့်မို့ ဆရာရဲ့ စာပေဂုဏ်ကို ဖော်ထုတ်သင့်တဲ့အတွက် ကျင်းပရတာပါ ဟု ပြောသည်။ယခင် ပြုလုပ်ခဲ့သည့် တန်းခိုးဆရာထွန်း စာပေဆုပေးပွဲ အခမ်းအနားသို့ လူပေါင်းထောင်နှင့်ချီပြီး တက်ရောက်အားပေးကြသလို ယခုနှစ်တွင်လည်း တက်ရောက်ကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားသည်။

အရင်တုန်းကတော့ လူပေါင်း ၁၅ဝဝခန့်လောက် အားပေးတက်ရောက်ကြတယ်။ ဒီနှစ်လည်း တက်ရောက်မယ်လို့ မျှော်လင့်ပါတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ် တန်းခိုးဆရာထွန်း စာပေဆု ချီးမြှင့်ပွဲသို့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ စာရေးဆရာများကို ဖိတ်ကြားထားကာ အဆိုတော် ဝင်းကိုခိုင်က ရခိုင်တေးခြင်းများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တန်ခိုးဆရာထွန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးရွာဇာတိဖြစ်ပြီး ဗြိတိသျှ ကိုလိုနီခေတ်က ရခိုင်တွင် ထင်ရှား ကျော်ကြားခဲ့သည့် စာရေးဆရာတစ်ဦးဖြစ်သည်။ အသက် ၇၀ ဝန်းကျင်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ