ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းစာပေဆုချီးမြှင့်ပွဲ ပေါက်တောမြို့တွင်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 180

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဧပြီ ၂၂ / ၂၀၂၁

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် စာပေဆုချီးမြှင့်ပွဲကို ပေါက်တောမြို့ တွင် မေလ ၈ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အခမ်းအနားကို မေလ ၈ ရက်နှင့် ၉ ရက်နေ့ နှစ်ရက်တိုင်တိုင် ပေါက်တောမြို့ စန္ဒာရာမ ကျောင်းတိုက်ကြီးအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို မေလ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကာ မေ ၉ ရက်တွင် စာပေဟောပြောပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆုရရှိသွားသူများမှာ ကဗျာစာမူဆုကို ကိုယ်တော်ရိုးနွယ် (ကျောက်ဖြူ)မှ (ရိုးမမျက်ရည်နှင့်အခြားကဗျာများ) စာမူနှင့် ရရှိသွားပြီး ဆောင်းပါးစာမူဆုကို မောင်မြင့် (တိုင်လေ) (ရခိုင်ပြည်နယ်၏ အနာဂတ်ပညာရေးအတွက် ကျောင်းဆရာများအခန်းကဏ္ဍနန့် အခြားဆောင်းပါးများ) စာမူဖြင့် ရရှိသွားသည်ဟု ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဗဟိုကော်မတီဝင် အောင်ကြည်မိုး (သင်းပုန်းတန်း) ကပြောသည်။
“ ဒီနှစ်မှာ ကျနော်တို့ ဝတ္ထုကို မရွေးဘူး။ ဆောင်းပါးနဲ့ ကဗျာကိုပဲ ရွေးတယ်။ မနေ့က ကျနော်တို့ ပေါက်တောမြို့ စန္ဒာရာမကျောင်းမှာ ဆုရွေးချယ်ခဲ့ကြတယ်။ ကျနော်တို့ ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ ပေးပို့လာတဲ့ စာမူတွေဟာ ရခိုင်စာအရေးအသား သီးသန့်ဖြစ်ရမယ်။ ပြိုင်ပွဲဝင်သူ တစ်ဦးအနေနဲ့ ကဗျာဆိုရင် (၁၅) ပုဒ်၊ ဆောင်းပါးဆိုရင် (၅) ပုဒ် ပေးပို့ပြီးတော့ ပြိုင်ပွဲဝင်ကြရတယ်။ စာမျက်နှာတွေကိုတော့ ကန့်သတ်ထားတာတွေမရှိဘူး” ဟုပြောသည်။
ယခုဆုချီးမြှင့်ပွဲတွင် ရခိုင်ရိုးရာအကများဖြင့် ပေါက်တောမြို့မှ အမျိုးသမီး ငယ်များက ကပြ ဖျော်ဖြေခြင်း၊ ပေါက်တောမြို့ သုခမင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးခတ်ပြီး အခမ်းအနား ဖွင့်ခြင်းနှင့် စာပေဟောပြောပွဲများလည်း ပြုလုပ်သွားမည်ဟု သူကပြောသည်။
“ကျနော်တို့က နှစ်ရက်တိုင်တိုင် ပွဲကျင်းပသွားမှာဖြစ်တယ်။ ၈ ရက်နေ့မှာ ပေါက်တောမြို့က ရိုးရာအဖွဲ့တွေက ရိုးရာကမယ်။ မင်္ဂလာစည်တော်အဖွဲ့က မင်္ဂလာစည်တွေ တီးခတ်မယ်။ ဆုချီးမြှင့်ပွဲ လုပ်မယ်။ နောက်ပြီးတော့ ၉ ရက်နေ့ မနက်မှာ အစည်းအဝေးလုပ်ပြီးတော့ ညနေမှာ စာပေဟောပြောပွဲပြုလုပ်သွားဖို့ဖြစ်တယ်” ဟုပြောသည်။
ပထမအကြိမ်မြောက်ဆုချီးမြှင့်ပွဲကို ၂၀၁၉ နှစ်က သံတွဲမြို့တွင် ကျင်းပခဲ့ကြောင်း သိရှိရပြီး မြို့နယ် တစ်ခုလျှင်တစ်နှစ်စီ ဆုချီးမြှင့်ပွဲကို အလှည့်ကျပြုလုပ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ပုံ - ပထမအကြိမ်မြောက်ဆုချီးမြှင့်ပွဲ

ဆက်စပ် သတင်းများ