သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ရှိ စာကြည့်တိုက် ၈ခုအတွက် တစ်နှစ်အတွင်း စာအုပ်ပေါင်း ၆ထောင်ကျော်ကို လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

နှင်းနွယ်နီ
နိရဥ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၂
ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)က ရခိုင်ပြည်နယ်ရှိ စာကြည့်တိုက် ၈ ခုအတွက် တစ်နှစ်အတွင်း စာအုပ်ပေါင်း ၆ ထောင်ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးအောင်ကြည်မိုး(သင်းပုန်းတန်း)က နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ကျနော်တို့ ဖောင်ဒေးရှင်းက စာကြည့်တိုက် ၈ ခုကိုလှူထားပြီးပြီးပေါ့။ စာကြည့်တိုက်တစ်ခုမှာ စာအုပ် ၆၀၀၊ ၇၀၀ လောက်လှူဖြစ်တယ်ဆိုတော့ စာအုပ်ပေါင်း ၆၀၀၀ ကျော်လှူထားပြီးပါပြီ” ဟုပြောသည်။
အဆိုပါဖောင်ဒေးရှင်းကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် အသင်းဝင် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းပြီးနောက် ယခုနှစ် ဇန်နဝါရီ ၂ ရက်အထိ တစ်နှစ်အတွင်းတွင် စာကြည့်တိုက်များအတွက် ယခုကဲ့သို့ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းအနေဖြင့် ယခုလက်ရှိတွင် စာကြည့်တိုက်များ၌ စာအုပ်လှူဒါန်းခြင်းများအပြင် ကလေးများ ကစားရန်အတွက် ဂိမ်းကစားသည့် အိမ်ဆောက်ပစ္စည်းများ လှှူဒါန်းခြင်းနှင့် လူငယ်များ၊ ကလေးများ စာဖတ်လာအောင်လုပ်ပေးနေကြောင်း သိရသည်။
ဦးအောင်ကြည်မိုး(သင်းပုန်းတန်း)က “ကျနော်တို့လူမျိုးဟာ အနာဂတ်မှာ ဒီထက်မက တိုးတက်လာဖို့အတွက် လူငယ်လေးတွေကို စာဖတ်စေချင်တယ်။ ရှိနေတဲ့စာကြည့်တိုက်တွေ၊ အသက်မဝင်တဲ့ စာကြည့်တိုက်တွေကိုလည်း အသက်ဝင်လာအောင် ရပ်ရွာ၊ ကျေးရွာကော်မတီတွေနဲ့လုပ်စေချင်တယ်” ဟုပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ကျေးရွာအတွင်း စာကြည့်တိုက်များအသက်မဝင်ဖြစ်နေခြင်း၊ စာကြည့်တိုက်အတွင်း စာအုပ်များမရှိဖြစ်နေခြင်းတို့ရှိနေပါက ဖောင်ဒေးရှင်းကို ဆက်သွယ်အကူအညီတောင်းနိုင်သည်ဟုလည်း ဆိုသည်။
အဆိုပါဖောင်ဒေးရှင်းကို ရခိုင်ပြည်မှ အသက်မဲ့နေသော စာကြည့်တိုက်များ အသက်ပြန်ဝင်လာရေး၊ ရှိပြီးသားစာကြည့်တိုက်၊ အသက်ဝင်နေသော စာကြည့်တိုက်များ ယခုထက် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ စာဖတ်ခြင်းကိုမွေ့ပျော်ရေးနှင့် စာဖတ်လာရေးဆိုသည့် ရည်ရွယ်ချက် ၃ ခုဖြင့့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါဖောင်ဒေးရှင်းကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး စသည့်မြို့နယ် ၄ ခုမှ စာပေသမားများနှင့် စိတ်ပါဝင်စားသူများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းဝင်အင်အား ၂ဝ ကျော်ရှိနေပြီဟု သိရသည်။
အခြားမြို့နယ်များသို့လည်း တိုးချဲ့ဖွဲ့စည်းသွားဦးမည်ဟုလည်း သိရသည်။
အဆိုပါဖောင်ဒေးရှင်းမှတဆင့် ရခိုင်ရှိ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းလိုပါက ဦးခိုင်မြတ်ကျော် (၀၉ ၇၈၀ ၆၀၈ ၀၈၀)၊ ဦးအောင်ကြည်မိုး (၀၉ ၄၅၀ ၅၃၉ ၆၈၂) နှင့် ဦးနောင်ခိုင်အောင် (၀၉ ၄၄၂ ၈၀၁ ၅၁၈) တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ