ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

“တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ”ကို ဧပြီ ၉ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁၇/၂၀၂၂
ရခိုင်တွင် အကြီးဆုံးစာပေဆုချီးမြှင့်ပွဲတစ်ခုဖြစ်သည့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ကို လာမည့်ဧပြီလ ၉ ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆုပေးပွဲကို တန်းခိုးကျေးရွာရှိ တန်ခိုးဆရာထွန်းစာကြည့်တိုက်ရှေ့တွင် ဧပြီလ ၉ ရက် ည ၇ နာရီ၌ ကျင်းပသွားမည်ဖြစ်ပြီး တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆုနှင့် ကလေးကဗျာဆု(အချေကဗျာဆု) စုစုပေါင်း ၇ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး စာရေးဆရာလွမ်းပြေအောင်(စစ်တွေ)က ပြောသည်။
“ဒီပွဲကိုကျင်းပပေးခြင်းအားဖြင့် ရခိုင်ဒေသရန့ံသင်းပျံ့တဲ့ စာမူကောင်းတွေလည်း ပေါ်ထွန်းစေချင်တယ်။ နောက်တစ်ခုက ရခိုင်ဒေသထဲကဖြစ်စေ၊ ပြိုင်ပွဲဝင်တဲ့အထဲက ထူးချွန်ထက်မြက်တဲ့ စာရေးဆရာတွေ ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ဒီပွဲမှာက ရခိုင်လူမျိုးရယ်လို့မဟုတ်ဘူး။ ဘယ်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နို်င်တဲ့အတွက် ဆုရရှိသူတွေအနေနဲ့ ဒီပြိုင်ပွဲဆုရတာက သူတို့အတွက်အင်အားတစ်ခုဖြစ်စေပြီးတော့ စာပေမှာပိုပြီးအကျိုးပြုနိုင်တဲ့စာပေတွေရေးပြီးတော့ စာပေလမ်းကြောင်းအတွက် အားတက်စေလိုတဲ့ရည်ရွယ်ချက်တွေလည်း ပါတယ်” ဟုပြောသည်။
အဆိုပါပြိုင်ပွဲအတွက် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၃ဝ ရက်က နောက်ဆုံးထားပေးပို့ယှဉ်ပြိုင်ထားကြသည့် စာမူများကို ဆုချီးမြှင့်ရေးကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ရွေးချယ်စိစစ်နေပြီဖြစ်ပြီး ထိုက်သင့်သည့်ဆုကြေးများကို ချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ရခိုင်လူမျိုးများထဲတွင် ကိုလိုနီခေတ်ကထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာ တန်းခိုးဆရာထွန်းအား ဂုဏ်ပြုသည့်အနေဖြင့် ယခုပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ဆရာလွမ်းပြေအောင် (စစ်တွေ)က ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်သည့် တန်းခိုးဆရာထွန်းသည် အသက် ရဝ ခန့်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ဆရာ့ကိုဂုဏ်ပြုသည့်အနေဖြင့် “တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲ” ကို ၂၀၁၁ ခုနှစ်မှစ၍ ကျင်းပလာခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၃ နှင့် ၂၀၁၈ တို့တွင် အခြေအနေအမျိုးမျိုးကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည််။
ယခုနှစ်တွင် ၈ ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး ဆုချီးမြှင့်ပွဲသို့ ရခိုင်တစ်ပြည်နယ်လုံးမှ စာပေချစ်ပရိသတ်များနှင့် စာရေးဆရာမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
ယခင်နှစ်က ဝတ္ထုဆုကိုဆွတ်ခူးရရှိခဲ့သည့် ဆရာမ မေလှိုင်းဖြူ(သံတွဲ)က “ကိုယ့်ရခိုင်ကစာရေးဆရာတွေအတွက် စင်မြင့်တစ်ခုဖြစ်တာပေါ့။ ကိုယ့်ရခိုင်ကစာရေးဆရာတွေက ကျန်တဲ့နေရာတွေမှာဆိုလို့ရှိရင် ကိုယ့်ဆီက ကလေးတွေက နေရာရဖို့ခက်တယ်လေ။ ကိုယ့်ဆီမှာကျတော့ စင်မြင့်တစ်ခုအနေနဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်တယ်။ တချိန်တုန်းက တန်းခိုးဆရာထွန်းဆိုတဲ့စာဆိုရှင်တစ်ယောက်ပေါ်ထွန်းခဲ့တယ်ဆိုတာကိုလည်း အကုန်လုံးက သိကုန်တယ်လေ၊ နို့မို့ဆိုမသိကြဘူးလေ”ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့် ယင်းဆုချီးမြှင့်ပွဲတွင် တန်းခိုးထွန်းတစ်သက်တာစာပေဆုအား ဆရာအနောက်သား(စစ်တွေ)ကလည်းကောင်း၊ ဝတ္ထုဆုကို ဆရာမမေလှိုင်းဖြူ(သံတွဲ)ကလည်းကောင်း၊ ဆောင်းပါးဆုကို ကိုယ်တော်ရိုးနွယ်(ကျောက်ဖြူ)ကလည်းကောင်း၊ ကလေးကဗျာဆု(အချေကဗျာဆု)ကို ဆရာ စျာန်ဟိန်း(မြောင်းဘွေ)ကလည်းကောင်း၊ ကဗျာဆုကို ကိုယ်တော်ဥက္ကာမင်းညိုကလည်းကောင်း၊ ဂီတစာဆိုဆုကို အဆိုတော်ဝင်းကိုခိုင်ကလည်းကောင်း ရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - ယခင်နှစ်က ပုံရိပ်များ

ဆက်စပ် သတင်းများ