စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စာရေးဆရာကြီးဖိုးကျော့ တန်းခိုးဆရာထွန်းတစ်သက်တာစာပေဆု ချီးမြှင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k


သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၂ / ၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင်ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်းဆုချီးမြှင့်ပွဲတွင် စာရေးဆရာကြီး ဦးဖိုးကျော့ကို တစ်သက်တာစာပေဆုချီးမြှင့်သွားမည် သိရသည်။
ဆရာကြီးဖိုးကျော့သည် အသက် ၈ဝ ကျော်ပြီဖြစ်ပြီး တန်းခိုးဆရာထွန်းဆု၏ တစ်သက်တာစာပေဆုနှင့်ကိုက်ညီသည့်အတွက် ယခုကဲ့သို့ချီးမြှင့်ရန်ရွေးချယ်ရခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီအထွေထွေအတွင်းရေးမှူး လွမ်းပြေအောင်(စစ်တွေ)က ပြောသည်။
“တစ်သက်စာဆုဆိုတာက ရခိုင်သားလည်းဖြစ်ရမယ်။ အသက် ၈၀ ကျော်ရမယ်။ ရခိုင်လူမျိုးတွေအတွက် စာတွေအများကြီးရေးပေးနိုင်တဲ့သူလည်းဖြစ်ရမယ်။ နောက်ပြီးတော့ သူရေးလိုက်တဲ့စာက ရခိုင်လူမျိုးရဲ့နှလုံးသားမှာ စွဲထင်ကျန်နေစေရမယ်။ အဲ့ဒါကြောင့် ဒီတစ်သက်တာဆုကို ပေးရတာဖြစ်ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် ဆရာကြီး ဦးဖိုးကျော့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့တွင် နေထိုင်လျက်ရှိပြီး ကျန်းမာရေးမကောင်းသဖြင့် ဆုချီးမြှင့်ပွဲသို့မတက်ရောက်နိုင်ဘဲ ဆရာကြီး၏ကိုယ်စား တူမတစ်ဦးက တက်ရောက်ယူမည်ဟု ဆရာဦးဖိုးကျော့က ပြောသည်။
“သိပ်ဝမ်းသာတာပေါ့ဗျာ။ တစ်သက်မှာ တစ်ခါပဲပေးတဲ့လူဆိုတော့။ နောက်တစ်ခုက တန်းခိုးဆရာထွန်းဆိုတာက ဆရာတို့ ငယ်ငယ်လေးကတည်းက ရခိုင်သာခြင်းတွေ အများကြီးရေးခဲ့တာလေ။ အဲ့ဒါကြောင့် ဆရာက ဝမ်းသာလွန်းလို့ ဆုချီးမြှင့်မယ့်ထဲက ၂ သိန်းကို ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ထားလိုက်ပါလို့ ပြောလိုက်ပါတယ်”ဟု ပြောသည်။
စာရေးဆရာကြီး ဖိုးကျော့ကို ၁၉၄ဝ ပြည့်နှစ်တွင် ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ ဦးဘောက်ဖြူနှင့် ဒေါ်ချက်တောင်းမတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်း (၉)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။
၁၉၅၆ ခုနှစ်၊ အောက်တိုဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပီ နယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် အောင်ပွဲသို့ချီရာဝယ် ဝတ္ထုရှည်ဖြင့် အမျိုးသားစာပေဝတ္ထုရှည်ဆုချီးမြှင့်ခံခဲ့ရသည်။
၁၉၉၀ ၊ ၁၉၉၁ နှင့် ၁၉၉၃ ခုနှစ်တို့တွင်လည်း စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုတို့ကို ၃ နှစ်တိတိ ချီးမြှင့်ခံခဲ့ရသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော ၁၀ ကြိမ်မြောက် မဲခေါင်စာပီဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆုကိုလည်း ချီးမြှင့်ခံခဲ့ရသေးသည်။
ဆရာကြီးဖိုးကျော့သည် ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်နှင့် လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်ကြောင်း သိရသည်။
တန်ခိုးဆရားထွန်းဆုချီးမြှင့်ပွဲကို ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာတွင် ဧပြီလ ၉ ရက်၊ ည ၇ နာရီ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲတွင် တစ်သက်တာစာပီဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆုနှင့် ကလေးကဗျာဆုတို့ကို ချီးမြှင့်သွားမည်ဟု ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။
ရခိုင်လူမျိုးများထဲတွင် ကိုလိုနီခေတ်ကထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာ တန်းခိုးဆရာထွန်းအား ဂုဏ်ပြုသည့်အနေဖြင့် ယခုပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ