ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အဋ္ဌမအကြိမ် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲ ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 622

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၁ဝ/၂၀၂၂
အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေးဆုချီးမြှင့်ပွဲအား ယမန်နေ့ ညက ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာရှိ တန်ခိုးဆရာထွန်း စာကြည့်တိုက် ရှေ့ကွင်းပြင်တွင် ကျင်းပခဲ့သည်။
၎င်းစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာ စာပေဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ ကဗျာဆု၊ ကလေးကဗျာဆု(ရခိုင်အခေါ် အချေကဗျာဆု)နှင့် ဂီတစာဆိုဆုစသည့် ဆု (၆) ဆုကို ချီးမြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ထူးချွန်ထက်မြက်သော စာရေးဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တန်းခိုးဆရာထွန်းစာပေဆုကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူး ဆရာလွမ်းပြေအောင် (စစ်တွေ)က ပြောသည်။
"ကိုယ့်လူမျိုး၊ ကိုယ့်ဒေသရဲ့ဇာတိဂုဏ်နဲ့ ကောင်းမြတ်တဲ့ အကျိုးကျေးဇူးလက္ခဏာတွေမြင့်မားလာအောင် မြှင့်တင်ပေးနိုင်တဲ့ စာပေပညာရှင်၊ ဂီတပညာရှင်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာအောင်အတွက် ကျင်းပရခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
တန်းခိုးဆရာထွန်း တစ်သက်တာ စာပေဆုကို ဦးဖိုးကျော့အား လည်းကောင်း၊ ဝတ္ထုဆုကို စာရေးဆရာမ ဒေါ်မေလှိုင်းဖြူ(သံတွဲ)အားလည်းကောင်း၊ ဆောင်းပါးဆုကို ဇော်လွင်ဦး(ဟင်္သတ) အားလည်းကောင်း၊ ကလေးကဗျာဆုကို စျာန်ဟိန်း (မြောင်းဘွေ)အားလည်းကောင်း၊ ကဗျာဆုကို ဦးမောင်ကြီး(ဖွံ့ဖြိုးရေး သိပ္ပံ)လည်းကောင်း၊ ဂီတစာဆိုဆုကို ဦးထွန်းလှိုင်အားလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆောင်းပါးဆုရှင် ဦးဇော်လွင်ဦး( ဟင်္သတ)က "ကျနော်ဆုတွေအများကြီးရဖူးပါတယ်။ ဒါပေမယ့် ဒီဆုရတာအပျော်ဆုံးပါပဲ။ ကျနော်က ရခိုင်ဒေသမှာ သွားရေးလာရေးအခက်ခဲရှိတာကို ငယ်ငယ်ကဖတ်ဖူးတယ်။ ဒါပေမယ့် ကျနော် ရခိုင်ကိုအလည်လာတော့ စာမှာဖတ်ရသလောက် မခက်ခဲမှန်းသိတော့ စာဖတ်သူတွေကို ရခိုင်ခရီးစဉ်ဟာ ကောင်းကြောင်းပြချင်ခဲ့လို့ ဒီခရီးသွားဆောင်းပါးကိုရေးဖြစ်တာပါ"ဟု ပြောသည်။
တန်းခိုးဆရာထွန်း၏မြစ်တော်စပ်သူလည်းဖြစ်၊ ပွဲကော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သူ ဦးနီအောင်က အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို သိုက်သိုက်ဝန်းဝန်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အလွန်အမင်း ဝမ်းသာမိကြောင်း ပြောသည်။
ဆုချီးမြှင့်ပွဲတွင် အဆိုတော် မောင်ကိုကို၊ ခိုင်ဝင်းသူ၊ အာရကန်မောင်မောင်နှင့် မင်းညီ (ဦးရာဇ်မြီ)တို့က သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲသည် ရခိုင်တွင် အကြီးဆုံး စာပေဆုပေးပွဲဖြစ်ပြီး မြို့နယ်အနှံ့အပြားမှ ရဟန်း၊ သံဃာများ၊ စာရေးဆရာများအပါအဝင် ဒေသခံပြည်သူ ၆ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာဇာတိဖြစ်သည့် တန်းခိုးဆရာထွန်းသည် ဗြိတိသျှ ကိုလိုနီခေတ်က ရခိုင်တွင် ထင်ရှားကျော်ကြားခဲ့သည့် စာရေးဆရာ၊ တေးရေးဆရာတစ်ဦးဖြစ်ပြီး အသက် (၇ဝ) ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
၄င်းအား ဂုဏ်ပြုသည့်အနေဖြင့် ယခုဆုပေးပွဲကို နှစ်စဉ် ကျင်းပနေခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - သျှင်မင်းဇံ / နိရ ဉ္စရာ

ဆက်စပ် သတင်းများ