ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့်စာပီဆုချီးမြှင့်ပွဲ ရမ်းဗြဲမြို့တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၂၂/၂၀၂၂
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ပဥ္စမအကြိမ်နှစ်ပတ်လည် အစည်းအဝေးနှင့် တတိယအကြိမ် ရခိုင်စာပီဆုချီးမြှင့်ပွဲအခမ်းအနားကို ရမ်းဗြဲမြို့တွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီက စတင်ကျင်းပ နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအခမ်းအနားကို ရမ်းဗြဲမြို့မှ ရခိုင်ရာဇာဝင်သစ်ကျမ်းပြုစု ရေးသားခဲ့သည့် တောင်ကျောင်း ဆရာတော် အသျှင်စန္ဒမာလာလင်္ကာရ၏ကျောင်းတိုက်တွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့ မှ စတင်ကျင်းပနေပြီး ဧပြီ ၂၃ ရက်နေ့ထိ ၂ ရက်တာကျင်းပသွားမည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်နေသည့် စာရေးဆရာ ဦးဇင်းကိန်းသာက “ဆရာတော် ဝါသဝပြုစုခဲ့တဲ့ ရခိုင်အဘိဓာန်ကျမ်း နမူနာရှိတယ်လေ။ ဒါကိုမူတည်ပြီး ရခိုင်အဘိဓာန်ကျမ်းပြုစုနေတယ်။ လိုတာ ပိုတာတွေကို ဖြည့်စွတ်ပြီးတော့လေ။ ဒါတွေနဲ့ ပတ်သတ်ပြီး လိုအပ်တာတွေကို ဆွေးနွေးသွားမယ်ပေါ့။ တခြားလိုအပ်တဲ့အခန်းကဏ္ဍတွေလည်း ဆွေးနွေး ကြမယ်ပေါ့” ဟု နိရဥ္စရာကို ပြောသည်။
ယခုအစည်းအဝေးတွင် ရခိုင်စာပေအရေးအသားနှင့် ရေးသားထားသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု စသည့် စာပေဆုများကို ပေးအပ်သွားမည်ဖြစ်ပြီး ကော်မတီအသစ်ဖွဲ့ခြင်းနှင့် ရခိုင်သတ်ပုံကျမ်းပြုစုမှု အခြေအနေများကို အဓိကထားဆွေးနွေးသွားမည်ဟု ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာမင်းသိန်းဇံက နိရဥ္စရာကို ထပ်ဆောင်းပြောကြားသည်။
အဆိုပါ အစည်းအဝေးကို မောင်တောမြို့နယ်ကိုယ်စားလှယ်မှအပ ရခိုင်ပြည်နယ် ၁၆ မြို့နယ်က ကိုယ်စားလှယ် ရခိုင်စာပေပညာရှင် ၆၀ ခန့် တက်ရောက်နေကြောင်း သိရသည်။
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း နှစ်ပတ်လည်အစည်းအဝေးကို ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်တွင် အလှည့်ကျကျင်းပလေ့ရှိကြောင်း သိရပြီး ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် ရခိုင်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ