ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် မြောက်ဦးလူငယ်များအစည်းအရုံးက စာကြည့်တိုက်တစ်ခုဆောက်လုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြောက်ဦးလူငယ်များအစည်းအရုံးကဦးဆောင်ပြီး စာကြည့်တိုက်တစ်ခုကို ဆောက်လုပ်နေကြပြီဟု သိရသည်။
အဆိုပါစာကြည့်တိုက်ကို “မြောက်ဦးမြို့မစာကြည့်တိုက်”အမည်ဖြင့် မြောက်ဦးမြို့ရှိ ထုက္ကန့်သိမ်ပုထိုးတော်ကြီး၏ တောင်ဘက်၊ ကြက်ဈေးရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၉ ရက် နံနက် ရ နာရီမှစတင်ကာ ဖောင်ဒေးရှင်း ပန္နက်ချ၍တည်ဆောက်နေကြခြင်းဖြစ်သည်။
ရှေ့ခေတ်ရခိုင်ဘုရင်များစိုးစံခဲ့သည့် မြောက်ဦးမြေ၌ စာပေများပိုထွန်းကားလာစေချင်ပြီး လူငယ်များအသိပညာ ဉာဏ်ပညာရရှိရန် လေ့လာ၍ရသည့်နေရာတစ်ခုဖြစ်စေချင်သည့်အတွက် ယခုကဲ့သို့တည်ဆောက်ရခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။
ထိုသို့တည်ဆောက်ရာ၌ ငွေကြေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု မြောက်ဦးလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က ပြောသည်။
“အဓိကကတော့ ငွေကြေးအခက်အခဲတွေရှိတယ်။ မိုးရာသီလည်းဖြစ်တယ်။ စီးပွားရေးကျပ်တည်းတဲ့ ကာလလည်းဖြစ်တော့ ဒီစာကြည့်တိုက် ရှေ့ဆက်ပြီးဆောက်လုပ်သွားဖို့ ငွေကြေးအခက်အခဲတွေရှိတယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးစီးအောင် ဆောက်လုပ်သွားဖို့ရှိပါတယ်” ဟု ပြောသည်။
အဆိုပါစာကြည့်တိုက်ကို အဖွဲ့ရန်ပုံငွေဖြင့်တည်ဆောက်နေခြင်းဖြစ်ပြီး ကျပ်သိန်း ၁ ထောင်ခန့်ကုန်ကျနိုင်မည်ဟုဆိုသည်။
အဆိုပါစာကြည့်တိုက်မှာ RC နှစ်ထပ်ဆောင်အမျိုးအစားဖြစ်ပြီး စာကြည့်တိုက်နံရံများကို ကျောက်စီနံရံအဖြစ်ပြုလုပ်သွားမည်ဖြစ်ဟု သိရသည်။
စာကြည့်တိုက်အကျယ်အဝန်းမှာ အနံ ၂၆ ပေ၊ အလျား ပေ ၅၀ ရှိပြီး တည်ဆောက်ပြီးစီးမည့်အချိန်ကို လောလောဆယ် ပြော၍မရသေးဟု ကိုခိုင်မင်းသျှင်က ဆိုသည်။
ယင်းစာကြည့်တိုက်အုတ်မြစ်ချအခမ်းအနားတွင် မြောက်ဦးမြို့မှ သံဃာတော် (၉)ပါးက ပရိတ်တရားတော်နှင့် မင်္ဂလာတရားတော်များကို ဟောကြားခဲ့ကြသည်။
အခမ်းအနားကို မြို့မိ၊ မြို့ဖများ၊ မြို့ပေါ်ရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
မြောက်ဦးမြို့တွင် ပြန်ဆက်ဦးစီးဌာနမှ စာကြည့်တိုက် ၁ ခု၊ စာပီဂါရီ ရွေ့လျားစာကြည့်တိုက် ၁ ခု၊ မြောက်ဦးလူငယ်များအစည်းအရုံးက ပြုလုပ်ထားသည့် ရွေ့လျားစာကြည့်တိုက် ၁ ခုနှင့် ယခုတည်ဆောက်နေသည့်မြို့မစာကြည့်တိုက် ၁ ခု၊ စုစုပေါင်းစာကြည့်တိုက် ၄ ခုရှိသွားပြီဖြစ်သည်။
မြောက်ဦးရှိ အချို့ရပ်ကွက်များနှင့် ရွာများ၌ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းများကို စာကြည့်တိုက်များအဖြစ်အသုံးပြုနေကြသည့်အတွက် စာကြည့်တိုက်ဟုဆိုသော်လည်း အမည်ခံစာကြည့်တိုက်သာဖြစ်သည်ဟုလည်း ကိုခိုင်မင်းသျှင်က ပြောသည်။ (NN-12)
Photos - MYUA

ဆက်စပ် သတင်းများ