ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ စာပေဆုပြိုင်ပွဲအတွက် စာမူများဖိတ်ခေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 267

နိရဥ္စရာ၊ ဇူလိုင် ၂/ ၂၀၂၂
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူများကို စတင်ဖိတ်ခေါ်နေပြီဟု သိရသည်။
အဆိုပါစာပေဆုပြိုင်ပွဲအတွက် စာမူများကို ဇွန်လ ၂၈ ရက်မှစတင်ခေါ်ယူနေခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာ (၃၀)ရက်ကို နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်နိုင်သည်ဟု ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။
မည်သည့် စာပေဝါသနာရှင်များမဆို ဝင်ရောက်ရေးသားယှဉ်ပြိုင်နိုင်သည်ဟုလည်း အဆိုပါဖောင်ဒေးရှင်း၏ ဗဟိုကော်မတီဝင် ကိုအောင်ကြည်မိုး (သင်းပုန်းတန်း)က နိရဥ္စရာကိုပြောသည်။
"ကျွန်တော်တို့ ဒီစာပေဆုပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပရတာကတော့ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ရယ်၊ ရခိုင်စာပေဝါသနာရှင်တွေပေါ်ထွက်ဖို့အတွက် ဒီစာပေဆုပြိုင်ပွဲကို နှစ်စဉ်ကျင်းပရတာဖြစ်ပါတယ်" ဟု ပြောသည်။
အဆိုပါပြိုင်ပွဲတွင် ဆောင်းပါး၊ ဂန္ထဝင်ကဗျာ၊ မော်ဒန်ကဗျာနှင့် ဝတ္ထုတိုစသည့် စာမူအမျိုးအစားများဖြင့် ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ယှဉ်ပြိုင်ရာတွင်လည်း ဆောင်းပါးနှင့်ဝတ္ထုတိုအတွက်ဆိုလျှင် ပြိုင်ပွဲဝင်စာမူ ၅ ပုဒ်စီပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂန္ထဝင်ကဗျာနှင့် မော်ဒန်ကဗျာအတွက် ပြိုင်ပွဲဝင်ကဗျာ ၁၅ ပုဒ်စီဖြင့် ပေးပို့ယှဉ်ပြိုင်ရမည်ဟု ထုတ်ပြန်ထားသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် စာမူသည် မည်သည့် စာစောင်၊ မဂ္ဂဇင်းများတွင်မျှ ဖော်ပြဖူးသည့် စာမူမျိုးမဖြစ်စေရသည့်အပြင် ကလောင်ရှင်တစ်ဦးလျှင် စာမူတစ်မျိုးတည်းဖြင့်သာ ရေးသားယှဉ်ပြိုင်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။
ပြိုင်ပွဲဝင်စာမူများအနက် ရခိုင်ဒေသဖွဲ့စာမူများကို ဦးစားပေးရွေးချယ်သွားမည်ဟုလည်း ကိုအောင်ကြည်မိုး (သင်းပုန်းတန်း)က ဆက်ပြောသည်။
"ဘာလို့လဲဆိုတော့ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကပြုလုပ်တဲ့ စာပေဆုပြိုင်ပွဲဖြစ်လို့ ရခိုင်ဒေသဖွဲ့စာမူတွေကို ဦးစားပေးတဲ့သဘောပါ"ဟု ပြောသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို မင်းပြားမြို့တွင် ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏(ဆဋ္ဌမအကြိမ်မြောက်) နှစ်ပတ်လည်အစည်းအဝေးပွဲတွင် အခမ်းအနားဖြင့် ချီးမြှင့်ပေးသွားမည်ဟုလည်း သိရသည်။
ယခုစာပေဆုပြိုင်ပွဲသည် ရခိုင်ပြည်စာပေလောကအတွက် အရေးပါအရာရောက်သည့်ပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မည်ဟုလည်း စာရေးဆရာမ မြင့်သုမိုးက နိရဥ္စရာကိုပြောသည်။
"ဒီပြိုင်ပွဲဝင်ပြိုင်လိုက်တယ်ဆိုရင် ပြိုင်တဲ့သူအတွက်အကျိုးရှိသွားတယ်။ စာဖတ်ပရိသတ်တွေလည်း ပိုရသွားမယ်။ ကိုယ်ဝါသနာပါတဲ့စာပေတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ဒီစာပေဆုပြိုင်ပွဲကို ဝင်ပြိုင်သင့်တယ်။ ဒီနှစ်တော့ ဒီစာပေဆုပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်မယ်ထင်တယ်"ဟု ပြောသည်။
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ၂၀၂၁ ခုနှစ်၊ တတိယအကြိမ်မြောက်စာပေဆုပြိုင်ပွဲတွင် ဂန္ထဝင်ကဗျာဆုကို ဆရာမင်းလွင်(ကျောက်ကလယ်)၊ မော်ဒန်ကဗျာဆုကို ဆရာပန်းသီးကြိုး(ရသေ့တောင်)တို့က ရရှိသွားခဲ့ပြီး ဝတ္ထုတိုဆုကို ဆရာမခိုင်ရွှေသဇင်မြတ်(ပေါက်တော)နှင့် ဆောင်းပါးဆုကို ဆရာရက္ခသာဂီ(ကျိန်းရိပ်မြေ)တို့က ရရှိခဲ့သည်။
အဆိုပါဖောင်ဒေးရှင်းကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စာပေဆုပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ