ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ကဗျာလောကတိုးတက်စေရန် စစ်တွေတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကဗျာစကားဝိုင်းပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ ဇူလိုင် ၇/ ၂၀၂၂
ရခိုင်ကဗျာလောကတိုးတက်စေရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း "စစ်တွေကဗျာဝိုင်း"အမည်ဖြင့် ကဗျာစကားဝိုင်းတစ်ခုပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါကဗျာစကားဝိုင်းကို စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် အရှေ့ဘက်မုခ်ရှိ စေတီပရိဝုဏ်အတွင်း လာမည့် ဇူလိုင်လ ၁၀ ရက်(တနင်္ဂနွေနေ့) နေ့လယ် ၂ နာရီမှ ၃ နာရီအထိကျင်းပမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်းပြုလုပ်သွားမည်ဟု ကဗျာစကားဝိုင်းဖြစ်မြောက်ရေးဆောင်ရွက်နေသည့် ကိုဘုန်းမြတ်ကျော်က ပြောသည်။
ဝါရင့်ကဗျာဆရာများနှင့် တက်သစ်စရွက်ပုန်းသီးကလောင်ရှင်များ ကလောင်လက်စွမ်းထက်လာစေရန် ကဗျာရေးသည့်အလေ့အကျင့်ကောင်းတစ်ခုပေါ်ထွက်လာစေရန်နှင့် နောင်တစ်ချိန်တွင် ရခိုင်စာပေလောကအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ယခုစကားဝိုင်းကိုပြုလုပ်ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
"ကျွန်တော်တို့ဒီကဗျာစကားဝိုင်းကို ပြုလုပ်ရတာကဆိုရင် ကဗျာရေးတဲ့အလေ့အကျင့်ကောင်းတစ်ခု နေ့စဉ်ရက်ဆက်မဟုတ်ရင်တောင် အသစ်အသစ်သော ကဗျာတွေ တစ်ပတ်တစ်ပုဒ်ကျနှုန်းနဲ့ ထွက်ပေါ်လာရအောင်။ ပုံနှိပ်စာပေအဖြစ်နဲ့ နောင်တစ်ချိန်မှာကျန်ခဲ့အောင်။ ရခိုင်စာပေလောကအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကဗျာစကားဝိုင်းကို ပြုလုပ်ရတာဖြစ်ပါတယ်"ဟု ပြောသည်။
အဆိုပါကဗျာစာပေးစကားဝိုင်းဖြစ်မြောက်ရေးအတွက် ရခိုင်စာပေဝါသနာရှင်လူငယ်များနှင့် တက်သစ်စကလောင်ရှင်များက စီစဉ်နေခြင်းဖြစ်ပြီး ရခိုင်ပြည်ရှိ ဝါရင့်ကဗျာဆရာများ၊ ဝါရင့်စာရေးဆရာများနှင့် ကဗျာဝါသနာရှင်များကိုလည်း ဖိတ်ခေါ်နေပြီဟု သိရသည်။
ထိုကဗျာစကားဝိုင်းတွင် ကဗျာရွတ်ခြင်းနှင့် စာပေအကြောင်းများကို ဆွေးနွေးပြောဆိုသွားမည်ဖြစ်ပြီး စာပေကားဝိုင်းကိုတက်ရောက်လာသူများအား ရုပ်ပြောင်ကာတွန်းပန်းချီပုံများကိုလည်း ရေးဆွဲပေးသွားမည်ဟု ကဗျာဆရာ ဆရာထွန်းစော(အင်္ဂရားမြေ)က ပြောသည်။
"ကျွန်တော့်အမြင်နဲ့ပြောရရင်တော့ စစ်တွေမှာ ဒီလိုစာပေစကားဝိုင်းတစ်ခု ရှိကိုရှိသင့်တယ်။ ဘာလို့လဲဆိုတော့ ကဗျာနယ်ချဲ့ဖို့အတွက် ကဗျားဝိုင်းဆိုတာရှိသင့်တယ်။ စာပေနဲ့ပတ်သက်လို့ ကိုယ်သိထားတာတွေရှိတယ်။ တချို့ဆရာတွေလည်း သိထားတယ်။ မချပြနိုင်။ မမျှဝေနိုင်ကြဘူး။ ဒီလိုကဗျာစာပေစကားဝိုင်းပြုလုပ်လိုက်တော့ ကိုယ်သိထားတဲ့စာပေတွေကို တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းဖလှယ်လို့ရတယ်"ဟု ပြောသည်။
စစ်တွေကဗျာဝိုင်းကို ပထမဆုံးအကြိမ်စတင်ပြုလုပ်ခြင်းဖြစ်ပြီး ချက်ချင်းစီစဉ်လိုက်ရသည်ဖြစ်၍ ကဗျာစကားဝိုင်းပြုလုပ်ရာ၌ နေရာထိုင်ခင်းအခက်အခဲနှင့် ကဗျာစကားဝိုင်းကိုတက်ရောက်လာသူများအား ဧည့်ခံကျွေးမွေးရန်အခက်အခဲရှိနေသည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ