စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဆရာသားလှ(ရသေ့တောင်)၏ “ဒရိုင်ဘာ အဓိက”အမည်ရှိ ဟာသနှင့်သရော်စာ ဝတ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၂

ရခိုင်စာရေးဆရာ ဆရာသားလှ(ရသေ့တောင်)၏ ဒရိုင်ဘာ အဓိကအမည်ရှိ ဟာသနှင့်သရော်စာဝတ္ထုတိုပေါင်းချုပ်စာအုပ်သည် ထွက်ရှိလာသည်ဟု သိရသည်။


အဆိုပါစာအုပ်ကို စစ်တွေရှိ ပျိုးခင်းသစ်စာပေက ယမန်နေ့ သြဂုတ်လ ၃၁ ရက်တွင် ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး စာရေးသူ၏ ၅၃ နှစ်ပြည့်အဖြစ် ဟာသနှင့် သရော်စာဝတ္ထုတို ၅၃ ပုဒ်ကိုထည့်သွင်းဖော်ပြထားသည်ဟု စာရေးသူ ဆရာသားလှ(ရသေ့တောင်)က နိရဥ္စရာကို ပြောသည်။


ရယ်စရာသက်သက်တော့ မဟုတ်ဘူး။ ရယ်စရာနဲ့ အထေ့အငေါ့တွေ၊ သရော်စာတွေ၊ လောက အကြောင်းတွေ၊ ဝေဖန်ဖို့၊ ဆင်ခြင်ဖို့၊ ဆောင်ဖို့၊ ရှောင်ဖို့၊ ပြုပြင်မဲ့ဟာတွေကို အမုန်းခံစေတနာနဲ့ ရေးထားတာပါ။ အဓိကတော့ ကျနော်တို့ ရခိုင်ဒေသမှာ ပြန့်ကြဲနေတဲ့ သဘာဝက ဟာသတွေ၊ သဘာဝဟာသတွေလည်း ရယ်စရာနောက်က မောစရာလေးတွေပါ၊ အဲလိုခံစားရတာလေးတွေကို မှတ်တမ်းတင်ပြီးတော့ ကျနော်တို့ ပြုပြင်မဲ့ဟာတွေကို ပြုပြင်ဖို့၊ လက်တွေ့ကျင့်သုံးမဲ့ဟာတွေကို လက်တွေ့ကျင့်သုံးဖို့အတွက် ရေးရခြင်းဖြစ်ပါတယ်ဟု ပြောသည်။


တစ်အုပ်လျှင် ကျပ် ၃၅ဝဝ ဖြင့် စစ်တွေအပါအဝင် အခြားမြို့နယ်များတွင်လည်း ဖြန့်ဝေလျက်ရှိနေပြီ ဖြစ်သည်။
စစ်တွေတွင်ဆိုလျှင် သုခမိန်၊ သူရိယ၊ လင်းနှင့် ဂန္ထဝင်စသည့်စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်သလို စာရေးသူ၏ဖုန်း (ဝ၉ ၄၂၉ ၆၄၂ ဝ၁၅)သို့လည်း တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်သည်ဟု ဆရာသားလှ (ရသေ့တောင်)က ပြောသည်။


ယခုထွက်ရှိလာသည့်စာအုပ်သည် ဆရာသားလှ (ရသေ့တောင်)၏ လုံးချင်းစာအုပ်များအနက် ၄ အုပ်မြောက်ဖြစ်သည်ဟု သိရသည်။
ဆရာသားလှ (ရသေ့တောင်)တွင် ၂ဝဝ၇ ခုနှစ်က မရယ်ချင်ကေတောင် ပြုံးလိုက်ပါ၊ ၂ဝ၁၂ ခုနှစ်က အဟိ ရယ်ပစ်ချင်ထောနှင့် ၂ဝ၁၅ ခုနှစ်က ကွန်ထရိုးလိန်း အော်ဖီဆာစသည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။
ထို ၃ အုပ်အနက် ကွန်ထရိုးလိန်း အော်ဖီဆာစာအုပ်သည် ပညာရေးဆိုင်ရာဆောင်းပါးများကို ရေးသားထားခြင်းဖြစ်ပြီး ကျန် ၂ အုပ်မှာ ဟာသစာအုပ်များဖြစ်သည်။


ဆရာသားလှ (ရသေ့တောင်)သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက် ဇာတိဖြစ်ပြီး လက်ရှိတွင် စစ်တွေခရိုင်ပညာရေးမှူးရုံး၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ညိုစော(ပညာရေး)နှင့် မောင်းမောင်(ကိန်းသာမြီ)ကလောင်ခွဲများဖြင့်လည်း စာပေများရေးသားလျက်ရှိသည်။

ဆက်စပ် သတင်းများ