ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တတိယအကြိမ်မြောက် သက်ကြီးစာရေးဆရာပူဇော်ကန်တော့ပွဲ စစ်တွေတွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.5k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၂ဝ

နတ်တော်လတွင် ကျင်းပလေ့ရှိသည့် စစ်တွေမြို့နယ် တတိယအကြိမ်မြောက် သက်ကြီးစာရေးဆရာများ ပူဇော်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကျင်းပရာ ကိုဗစ်ကြောင့် အခမ်းအနားဖြင့် တစ်စုတစ်ဝေးတည်း မပြုလုပ်နိုင်ဘဲ တစ်ဦးချင်းစီကို စီစဉ်သူများက သွားရောက်ပူဇော်ကန်တော့ခဲ့ကြသည်ဟု သတင်းရရှိသည်။

သက်ကြီးစာရေးဆရာပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ လေးဝတီဦးထွန်းစောခိုင်က  ̏ ပူဇော်တာက အသက်က ၇ဝ အထက်ပေါ့။ သက်ကြီးစာရေးဆရာ/မ  ၂၉ ယောက်ပါတယ်။ သက်ကြီးစာရေးဆရာက ၂၄ ယောက်ဖြစ်တယ်။ သက်ကြီးစာရေးဆရာမက ၅ ယောက်ပေါ့။ ဒီနှစ် ကိုဗစ်ကာလဆိုတော့ ငွေကြေး အဆင်မပြေတာရှိကြတာပေါ့။ ဒါကြောင့် ကျနော်တို့က ငွေကြေးနဲ့ ပူဇော်ဖြစ်တာ။ စာရေးဆရာတစ်ဦးကို ငွေကျပ် ၅ဝဝဝဝ နှုန်းနဲ့ ပူဇော်တယ်” ဟု ပြောသည်။

၎င်းပြင် သက်ကြီးစာရေးဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာ တစ်စောင်နှင့် စာပေနှင့် မီဒီယာသမားများ ထုတ်ဝေသည့် မင်းသားကြီး ဦးရွှီဗန်းသို့ ဦးညွှတ်ခြင်း ဂုဏ်ပြုစာအုပ်တစ်အုပ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

“ ကိုဗစ်ကြောင့် စုဝေးသွားလာတာတွေကို ကန့်သတ်မှုရှိပါတယ်။ အခု ကိုဗစ်ဖြစ်နေတဲ့ကာလဆိုတော့ လူစုလူဝေး မလုပ်ရဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး စာပေသမားတွေက စည်းစည်းလုံးလုံးနဲ့ သက်ကြီးစာရေးဆရာတွေကို အိမ်ကိုသွားရောက်ပူဇော်နိုင်ခဲ့ပါတယ် ̋ ဟုပြောသည်။

သက်ကြီးစာရေးဆရာများကို ပူဇော်ခြင်းမှာ ဘာသာရေးအရရော၊ လူမျိုးအတွက်ပါ ကောင်းမွန်သော လုပ်ရပ်ဖြစ်သဖြင့်  သက်ကြီးစာရေးဆရာပူဇော်ပွဲကျင်းပရေးကော်မတီဝင်များအား ကျေးဇူးတင်ကြောင်း စာရေးဆရာ ဦးဘဂျီးကျော်က ပြောသည်။

“ အခုလို ပူဇော်ခံရတာ ဝမ်းသာပီတိဖြစ်တယ်။ ကျနော် ဝမ်းသာပီတိ ဖြစ်ရသလိုမျိုးပေါ့။ တစ်ခြား စာရေး ဆရာတွေလည်း ဝမ်းသာပီတိဖြစ်မယ်လို့ ထင်တယ်။ စာရေးဆရာကော်မတီဝင်တွေက အိမ်တိုင် လာရောက် ပူဇော်ကြတယ်။ ငွေးကြေးက ၅ဝဝဝဝ ကျပ်ပေါ့။ ပြီးတော့ စာအုပ်တစ်အုပ် ပါတယ်။ ပူဇော်ပွဲ ဖြစ်မြောက်ဖို့ လုပ်ကြတဲ့ ကော်မတီဝင်တွေကို အထူးကျေးဇူးတင်တယ်။ ဒီလိုပူဇော်ပွဲမျိုးကို ရခိုင်ပြည်ရဲ့ တစ်ခြား မြို့တွေမှာလည်း ဖြစ်မြောက်အောင် လုပ်စေချင်တာပေါ့  ̋ ဟုပြောသည်။

သက်ကြီးစာရေးဆရာများအား စစ်တွေမြို့နယ်စာပေအသိုင်းအဝိုင်းမှ စာရေးဆရာများက သွားရောက် ပူဇော်ကန်တော့ခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ