ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင်ရွေ့လျားစာကြည့်တိုက် လူငယ်များဦးဆောင်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

ထက်အောင်

နိရဥ္စရာ၊ မေ ၂၂/၂၀၂၁

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် ကျောက်တော်မြို့တွင် လူငယ်များ ဦးဆောင်မှုဖြင့် ရွေ့လျား စာကြည့်တိုက်များကို ဖွင့်လှစ်ထားပြီး ခြားမြို့များသို့လည်း များမကြာမီ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ရွေ့လျားစာကြည့်တိုက်စနစ် ကိုဖန်တီးရခြင်း ရည်ရွယ်ချက်မှာ လူငယ်များအနေဖြင့် စာအုပ်စာပေနှင့် ထိတွေစေလိုခြင်း၊ စာအုပ်များများဖတ်စေလိုခြင်း၊ ပြည်နယ်တွင်း စစ်ပွဲများကြောင့် ကျောင်းမတက်ရသည့် လူငယ်များကို သုတ/ သစာပေများပေးကမ်းလိုခြင်း စသည့် ရည်မှန်းချက်များနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူလူငယ်များက ဆိုသည်။

ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ Green Sittwe လူမှုအဖွဲ့အစည်းမှ အများပြည်သူ များအတွက်  Public Mobile Library တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး  နောက်ပိုင်းတွင်  ရခိုင်ပြည်နယ်လုံးရှိ လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ် လုပ်ဆောင် သွားရန် ရှိကြောင်း Green Sittwe အဖွဲ့ဝင် မလှမိုးတာရာလှိုင်က ပြောသည်။

“ အခုလောလောဆယ်ကတော့ စစ်တွေ့မြို့မှာပဲ ဒီအစီအစဉ်ကို လုပ်ဖြစ်ပါမယ်။ နောက်တစ်ပတ်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်ကနေ စလုပ်မယ်ဆိုပြီး ချိတ်ဆက်ထားတာ ရှိပါတယ်။ ကျောက်တော်မြို့မှာလည်း ကျမတို့လို လူငယ်အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြီး လုပ်နေတာမြင်တော့ အရမ်းဝမ်းသာပါတယ်။ သူတို့အဖွဲ့အစည်းနဲ့လည်း ချိတ်ဆက် လုပ်ဖြစ်ဖို့ရှိပါတယ်။ အခုအချိန်မှာတော့ ကျောက်တော်က ဦးစားပေးအနေနဲ့မပါသေးဘူး။ တစ်ခြားမြို့နယ်မှာဆိုရင်လည်း အဲဖက်မှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု မလှမိုးတာရာလှိုင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ရွေ့လျားစာကြည့်တိုက် စနစ်ကို အကောင်အထည်ဖော် လုပ်ကိုင်နေသည့် လူငယ်အဖွဲ့အစည်း နှစ်ခုရှိသည်။ ၄င်းတို့မှာ  လူငယ်များဦးစီး တည်ထောင်ထားသည့် Green Sittwe နှင့် ကျောက်တော်မြို့မှ လူငယ်များ အစည်းအရုံး (KTYA) တို့ ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ ရပ်ကွက်တချို့မှာလည်း ကျောက်တော်လူငယ်များအစည်းအရုံးမှ ယင်းကဲ့သို့ ရွေ့လျားစာကြည့်တိုက်စနစ် ( Mobile Library) အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း ကျောက်တော်လူငယ်များ အစည်းအရုံးမှ ဥက္ကဌ ကိုသန့်ဇင်က ယခုကဲ့သို့ ပြောသည်။

“ လက်ရှိကတော့ ကျနော်တို့မှာ ကျောက်တော်လူငယ်များအစည်းအရုံးအနေနဲ့လုပ် လှုပ်ရှားဖြစ်ပါတယ်။ စာအုပ်တွေကိုတော့ ကျောက်တော် မြို့ပေါ်က Lamp (မီးအိမ်) စာကြည့်တိုက်ကနေ ကူညီပေးတယ်။ ဒီ စာကြည့်တိုက်စနစ်က ကျနော်တို့မြို့မှာ အခုဆိုရင် ဆယ်တန်းဖြေပြီးတဲ့ကလေးတွေ၊ အသစ်တက်လာတဲ့ လူငယ် မျိုးဆက်သစ်တွေဆိုရင် အများစု စာအုပ်နဲ့ ဝေးကွာကြပါတယ်။ အခု လူငယ်တွေက (၇) တန်း (၈) တန်းကတည်းက ဖုန်းတွေသုံးနေကြပြီ။ ဆိုတော့ စာအုပ်စာပေတွေ၊ စာပေရဲ့အဟာရတွေနဲ့ အရမ်းဝေးကွာနေကြတယ်။ အဲဒီအချိန်မှာ စာအုပ်စာပေကို ပြန်စိတ်ဝင်စားလာအောင်၊ စာအုပ်ဖတ်ပြီး ရလာတဲ့ ရသတွေ၊ အသိပညာတွေ၊ ဗဟုသုတတွေ၊ motivation တွေအများကြီးရလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ကိုသန့်ဇင်က ပြောပြသည်။

ယင်းသို့ စာအုပ်စာပေနှင့် ဆက်စပ်သည့် စာကြည့်တိုက် အစီအစဉ်များကို စစ်ဘေးရှောင်စခန်းများမှ လူငယ်များကိုလည်း ထိတွေ့ခံစားခွင့်ရအောင် ဖန်တီးပေးနေသည့် သိရသည်။

လက်ရှိ Mobile Library စနစ်ဖြင့် ဆောင်ရွက်ရာတွင် တစ်နေရာမှ တစ်နေရာသို့ စာုပ်၊ အထောက်အကူပစ္စည်းများ ရွေ့ပြောင်းရာတွင် အခက်အခဲရှိကြောင်းနှင့် စာအုပ်စာပေနှင့်ပတ်သက်ပြီး အလှူရှင်များ၏ အကူအညီများ လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူ လူငယ်များထံက သိရသည်။

ကျောက်တော်လူငယ်များအစည်အရုံးမှ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကစပြီး ဒုတိယအကြိမ် ရွေ့လျားစနစ်ဖြင့် စာကြည့်တိုက်တစ်ခုကို ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ဧပြီလ ၂၅ ရက်နေ့ကလည်း Green Sittwe လူမှုအဖွဲ့အစည်းမှ စစ်တွေမြို့ရှိ နန်းရွှေဂူဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ  စစ်ရှောင် ကလေးငယ်များအား စာအုပ်ဝေငှပေးမှု ပြုလုပ်ခဲ့ကြောင်း လေ့လာသိရှိရသည်။ 

ဆက်စပ် သတင်းများ