သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် မြို့နယ်အများအပြား၌ ရွေ့လျားစာကြည့်တိုက်များ တွင်ကျယ်စွာဖွင့်လှစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၄/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများအပြား၌ ယခုနောက်ပိုင်း ရွေ့လျားစာကြည့်တိုက်များကို တွင်ကျယ်စွာ ဖွင့်လှစ်လာကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ ရမ်းဗြဲနှင့် မြောက်ဦးမြို့နယ် တို့တွင် ရွေ့လျားစာကြည့်တိုက်များအား ရက်သတ္တပတ်အတွင်း တစ်ရက်စီ မြို့နယ်အလိုက် တက်ကြွလူငယ်များက ဦးဆောင် ဖွင့်လှစ်နေကြခြင်းဖြစ်သည်။
မင်းပြားမြို့ ရွေ့လျားစာကြည့်တိုက်အား ဦးဆောင်ဖွင့်လှစ်သည့် တက်ကြွလူငယ်များထဲမှ ကိုမင်းနိုင်စိုးက “မင်းပြားက လူတွေက စာဖတ်ကြအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့တာပေါ့။ ပြီးတော့ ဒီကလူတွေက စာကြည့်တိုက်နဲ့ ဝေးကွာနေပါတယ်။ မင်းပြားမှာက စာကြည့်တိုက်တော့ ရှိတယ်။ ဒါပေမဲ့ အသက်မဝင်ဘူးပေါ့နော်။ နေ့တိုင်းနီးပါး စာကြည့်တိုက်က ပိတ်ထားတယ်ပေါ့။ အဓိကကတော့ စာကြည့်တိုက်လေးတစ်ခုရှိရင် လူတွေ စာဖတ်နိုင်ကြတယ်ပေါ့။” ဟု ပြောသည်။
မင်းပြားမြို့ရှိ ရွေ့လျားစာကြည့်တိုက်များအား ယခု ဇွန်လ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်သို့ စာလာဖတ်သူဦးရေ ၅၀ ကျော်ရောက်သည့်အပြင် ယင်းစာကြည့်တိုက်မှ စာအုပ်ရေ ၁၀၀ ကျော်ကိုလည်း လာရောက်ငှားကြ၍ ဝမ်းသာကြောင်း သူက ဆက်ပြောသည်။
ထိုကဲ့သို့ ရွေ့လျားစာကြည့်တိုက်ကို ကျောက်တော်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်မှ စစ်တွေတွင် မေလ ၂၂ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ယခုဆိုလျှင် အခြား မြို့နယ်များတွင်လည်း လူငယ်များဦးဆောင်ကာ ဆက်တိုက်ဖွင့်လှစ်လာနေကြခြင်းဖြစ်သည်။
စစ်တွေမြို့တွင် ရွေ့လျားစာကြည့်တိုက်အား ဦးဆောင်ဖွင့်လှစ်သည့် Green Sittwe အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မလှမိုးတာရာလှိုင်က “ကျမတို့က ဒီလိုစာအုပ်တွေရဖို့အတွက် အလှူခံပါတယ်။ ကျမတို့ အခုလောလောဆယ်တော့ မြို့ပေါ်တွေလောက်မှာပဲ လုပ်ပေးနိုင်သေးပါတယ်။ နယ်ဘက်တွေကို ဆင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အရင်တုန်းကတော့ အခုလို ရွေ့လျားစာကြည့်တိုက်လုပ်ခဲ့တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း သူတို့အခက်ခဲနဲ့ပေါ့။ အခုတော့ မရှိတော့ဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ ဒါကို ဆက်လုပ်ခဲ့ပါတယ်။” ဟု ပြောသည်။
ယင်းကဲ့သို့ ရွေ့လျားစာကြည့်တိုက်များကို ရခိုင်ပြည်နယ်၏ နေရာအနှံ့၌ တွင်ကျယ်စွာ ပြုလုပ်နိုင်ရန်နှင့် ရွေ့လျားစာကြည့်တိုက်ဖြင့် ကဗျာရွတ်ဖတ်ခြင်းများအား ပူးတွဲ ပြုလုပ်နိုင်ရန် မြို့နယ်အလိုက် တက်ကြွလူငယ်များက ကြိုးစားနေကြသည်ဟုလည်း သူမက ပြောသည်။
ရမ်းဗြဲမြို့ရှိ ရွေ့လျားစာကြည့်တိုက်သို့ သွားရောက်စာဖတ်ခဲ့သည့် မစုထက်ဝေက ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့မှ စာကြည့်တိုက်များမှာ ပိတ်ထားသည့်ရက်များနေသည့်အတွက် စာဖတ်ဝါသနာပါသူများအနေဖြင့် စာကြည့်တိုက်များတွင် စာဖတ်ခွင့်မရဖြစ်နေစဉ် ယခုကဲ့သို့ ရွေ့လျားစာကြည့်တိုက်များ တွင်ကျယ်လာခြင်းကို သူမအနေဖြင့် အားရဝမ်းသာကြောင်း နိရဥ္စရာသို့ ပြောသည်။
“မြို့မစာကြည့်တိုက်တွေက ရှိတော့ရှိတယ်။ ဒါပေမဲ့ ဖွင့်မထားဘူး။ တစ်ချိန်လုံးပိတ်ထားတယ်။ ပိတ်ထားတာပဲ များတယ်။ ဒီတော့ စာဖတ်ဝါသနာပါသူတွေက စာဖတ်ချင်ပေမဲ့ စာကြည့်တိုက်တွေက ပိတ်ထားတော့ စာသွားမဖတ်ရဘူးလေ။ အခုလိုမျိုး ရွေ့လျားစာကြည့်တိုက်တွေရှိလာတော့ စာတွေဝိုင်းဖတ်ပြီး လူငယ်တွေ စာဖတ်ရင်း ဆွေးနွေးချင်တာလည်း ဆွေးနွေးလို့ရပါတယ်။ ကျမက စာဖတ်ဝါသနာအရမ်းပါပါတယ်။ ဖေ့စ်ဘုတ်က စာဖတ်ပေမဲ့လည်း အခုလို စာအုပ်ကိုင်ပြီး ဖတ်ရတာ မတူဘူးပေါ့။ ဒါကို မြို့နယ်တိုင်းမှာ လုပ်စေချင်ပါတယ်။ မြို့နယ်တိုင်းမှာ အခုလိုဖြစ်လာဖို့အတွက် ကျမအနေနဲ့ တက်ကြွလူငယ်တွေကို အားပေးပါတယ်။ ရွေ့လျားစာကြည့်တိုက်က အိမ်မှာ စာဖတ်ရအောင်ဆိုပြီး စာအုပ်တွေတောင် ငှားလာပါသေးတယ်။” ဟု သူမက ပြောသည်။
ရွေ့လျားစာကြည့်တိုက်များတွင် သုတစာပေ၊ ရသစာပေ၊ ကလေးများအတွက် စာအုပ်များ၊ ဘာသာပြန်စာအုပ်များနှင့် ရခိုင်ကဗျာ စသည့်စာအုပ်များအား စာဖတ်ဝါသနာပါသူများအနေဖြင့် လာရောက်ဖတ်ရှုနိုင်သည့်အပြင် မိမိကြိုက်နှစ်သက်ရာ စာအုပ်များကိုလည်း အခမဲ့ ငှားယူကာ ရက်အကန့်အသတ်ဖြင့် ဖတ်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက်များကို မြို့နယ်အသီးသီးရှိ လူသူအရောက်အပေါက်များသည့်နေရာများတွင် လှည့်လည်ဖွင့်လှစ်တတ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ