သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောမြို့တည်နှစ် ၁၃၁ ပြည့်ပြက္ခဒိန် မြို့နယ်စာပေအသင်းမှ ထုတ်ဝေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

ဇွဲဓန(ဘက္ကားမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/ ၂ဝ၂ဝ

လာမည့် ၂ဝ၂၁ ခုနှစ်သည် ပေါက်တောမြို့တည်နှစ် ၁၃၁ ပြည့်နှစ်ဖြစ်သဖြင့် အဆိုပါနှစ်ကို ဂုဏ်ပြုသော အားဖြင့် ပေါက်တောမြို့နယ် စာပေကော်မတီအသင်းမှ ပြက္ခိန်တစ်စောင်ထုတ်ဝေလိုက်ကြောင်း ပေါက်တောမြို့မှ စာရေးဆရာခိုင်မင်းစောက ပြောသည်။

“ ဒီနှစ် ၂ဝ၂ဝ မှာဆိုရင် ကျနော်တို့ ပေါက်တောမြို့တည်ရှိတာ နှစ်ပေါင်း ၁၃ဝ ပြည့်ခဲ့ပြီး။ လာမယ့်နှစ်က ၁၃၁ နှစ်ဆိုတော့ ကျနော်တို့ ကိုယ့်မြို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပြက္ခဒိန်ကို ထုတ်ဝေတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် နေရာ အနှံ့အပြားတွင် ဖြန့်ချီရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြက္ခိန်များမှ ရရှိသော ငွေဖြင့် ၂ဝဝ၉ ခုနှစ်ကတည်းက ရပ်တန့်နေသော ပေါက်တောရွှေမြေမဂ္ဂဇင်းအား ဆက်လက်ထုတ်ဝေသွားရန် ရည်ရွယ်ထားကြောင်း ဆရာခိုင်မင်းစောက ဆက်ပြောသည်။

“ ကျနော်တို့က ပေါက်တောမြို့တည်တာ ဒီနှစ်မှာ နှစ် ၁၃ဝ ပြည့်တော့ ရခိုင့်ရိုးရာ ပွဲလမ်းသဘင်တွေ ပြုလုပ်ပြီး အမှတ်တရ ဂုဏ်ပြုချင်တာပေါ့။  ဒါပေမယ့် ခေတ်ကာလကလည်း မကောင်းဘူး။ ကိုဗစ်ရောဂါကလည်း ဖြစ်နေတယ် ဆိုတော့ ကျနော်တို့ မပြုလုပ်နိုင်ခဲ့ဘူး။ စာရေးဆရာကလောင်ရှင်တွေစုပေါင်းပြီးတော့ ဒီနှစ်မှာ ကျနော်တို့ သုံးရောင်ခြယ်ဆိုတဲ့စာအုပ်တစ်အုပ်ကို ထုတ်ဖြစ်ခဲ့တယ်” ဟု ပြောသည်။

ယခုထုတ်ဝေသော ပြက္ခဒိန်တွင် ပေါက်တောမြို့နယ်တွင် တည်ရှိသော လည်ရိုးတော်ဓာတ်စေတီ၊ လက်ဖျံတော်ဓာတ်စေတီ၊ ကြိမ်ခွေမော်ဂူ၊ နတ်တောင်ပြင်ဂူနှင့် တောင်ညိုဂူ တို့ကို ရိုက်ကူး ပုံနှိပ် ဖော်ပြထားသည်ဟု သိရသည်။

“ပေါက်တောရွှေမြေမဂ္ဂဇင်းက ၂ဝဝ၉ ခုနှစ်ကပင် ရပ်တန့်သွားတယ်။ အဲဒီမဂ္ဂဇင်းကို ဆက်ထုတ်ဖို့ အတွက် ရန်ပုံငွေလိုအပ်တယ် အဲဒါကြောင့် ကြိုတင်ပြီး လုပ်ကြတာဖြစ်တယ်။  ပေါက်တောရွှေမြေမဂ္ဂဇင်း ပြန်လည် ရှင်သန်လာအောင် အတွက်လည်း ကျနော်တို့ ပေါက်တောမြို့နယ်စာပေကော်မတီအသင်းက နေပြီးတော့ ထုတ်လုပ်ရခြင်းဖြစ်တယ် ” ဟု ဆက်ပြောသည်။

ပြည်သူများအနေဖြင့်လည်း ယခုထုတ်လုပ်ဖြန့်ချီသော ပြက္ခိန်အား ဝယ်ယူအားပေးစေချင်ကြောင်း ဆရာခိုင်မင်းစောက ဆက်ပြောဆိုသည်။


ဆက်စပ် သတင်းများ