ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရိက္ခာပြတ်လပ်သွား၍ မောင်တောမြို့နယ်မှ မြိုကျေးရွာသား ၅၀ ခန့် မေယုတောင်ကိုကျော်ဖြတ်ပြီး စေတီပြင်ထိဆန်လာဝယ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k

နိရဉ္စရာ၊ ဩဂုတ် ၁၉/၂၀၂၂

တိုက်ပွဲဖြစ်ပွားခဲ့ရာ ရသေ့တောင်မြို့နယ် အငူမော်ကစပြီး မောင်တောအထိ ကားလမ်းတလျှောက်ရှိ ကျေးရွာများ၏ အပြင်သွားလာခွင့်ကို စစ်ကောင်စီတပ်က ယနေ့အချိန်ထိ ကန့်သတ်ပိတ်ဆို့ထားသဖြင့် ကျေးရွာအများအပြားတွင် ရိက္ခာများပြတ်လပ်နေသည်ဟု သတင်းရရှိသည်။

ထိုသို့ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကျေးရွာများအထဲတွင် မောင်တောတောင်ပိုင်း၌ တည်ရှိသည့် မြိုလူမျိုးများနေထိုင်ရာ မြိုယုကျေးရွာလည်းပါဝင်ရာ ထိုရွာမှ အမျိုးသမီးများအပါအဝင် ရွာသား ၅၀ ခန့်မှာ မေယုတောင်ကို ကျော်ပြီး ခြေကျင် ၄ နာရီခန့် သွားရသည့် စေတီပြင်ရွာသို့ လာရောက်ကာ ဆန်လာဝယ်ခဲ့ကြသည်ဟု သိရသည်။

သူတို့က ရွာမှာ ဆန်လုံး၀ ပြတ်သွားပေမယ့် မောင်တောကို သွားတဲ့ လမ်းကို ပိတ်ထားတဲ့ အတွက် သွားလို့ မရဘူး။ ဒါကြောင့် လူပေါင်း ၅၀ ခန့်က  ဒီမေယုတောင်ကို ခြေကျင်ကျော်ဖြတ်ပြီး စေတီပြင်စျေးကို ဆန်လာဝယ်ကြတယ်။ စေတီပြင်ရွာသားတွေကတော့ သူတို့ကို ဆန်တွေ ရောင်းချပေးတဲ့ အပြင် ထမင်းတွေကျွေးပြီး ပြန်လည်ပို့ဆောင်လိုက်ပါတယ်ဟု စေတီပြင်ကျေးရွာမှ လူမှုရေးဆောင်ရွက်နေသူ ကိုအောင်မင်းစိုးက ပြောသည်။

စေတီပြင်ကျေးရွာမှ စျေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်မဲလုံးမကလည်း သူတို့အတွက် ငရုတ်သီးခြောက် တစ်အိတ်၊ တစ်ဦးလျှင် ဆီလီတာ တစ်ဝက်စီ  မာမခေါက်ဆွဲထုပ်များနှင့် မုန့်များကို အိမ်ထောင်စုတစုတိုင်ကို လှူဒါန်းလိုက်ပြီး မခင်မြတ်သူကလည်း ရာသီဥတုပူပြင်းသောကြောင်  စေတီပြင်မှ တေပါကားကြီးစီးဖြင့် လိုက်ပို့ဆောင်ရန် အတွက် ွေငါးသောင်းကျပ်(ကားခ) ကူညီ လိုက်သည်ဟု သိရသည်။

စေတီပြင်ကျေးရွာမှစေတနာရှင် မိန်းမကြီးမိန်းမငယ်များစုပေါင်းပြီး မြိုရွာသား ၅၀ ခန့်အား နံနက်စာ ထမင်းဖြင့် တည်းခင်း ဧည့်ခံကျွေးမွေးခဲ့ပြီး ဆန်များလှူဒါန်းပေးခဲ့သည်ဟု သိရသည်။

မြိုယုကျေးရွာမှ ဦးခင်မောင်သိန်းက"ကျွန်တော်တို့မှာ အခုလက်ရှိက တကယ့်ကိုအခက်အခဲရှိနေတယ်။ ဟိုဘက် ဒီဘက်ထွက်လို့မရဘူး။ လူငါးယောက် ဆန်ငါးဘူးစားမယ့်အခြေအနေမှာ နှစ်ဘူး။ သုံးဘူး ချက်စားနေရတယ်။ လုံးဝမဖြစ်နိုင်လို့ စေတီပြင်ရွာက ဆန်နဲ့စားနပ်ရိက္ခာတွေ သွားဝယ်ယူနေရတာပါ။ အခုဆိုရင်ရွာမှာ ရိက္ခာလုံးဝပြတ်လပ်နေပါပြီ" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

 ၎င်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၀၄ ဆောင်နှင့်  လူဦးရေစုစုပေါင်း ၆၆၂ ယောက် ရှိကြောင်း သိရသည်။

၎င်းမြိုကျေးရွာသည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္တူနှင့် ရသေ့တောင်မြို့နယ် ေတီပြင် ကျေးရွာ အကြား ဖောက်လုပ်ထားသည့် ကားလမ်းဘေးတွင် ရွာသစ်တည်ထားသော ကျေးရွာဖြစ်ပြီး မောင်တောမြို့နယ်ဘက်ခြမ်းတွင် တည်ရှိကြောင်း သိရသည်။

(ဓာတ်ပုံ- အောင်မင်းစိုး/ စေတီပြင်)


ဆက်စပ် သတင်းများ