ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော်စတင်၊ တိုက်ပွဲကြောင့်စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်မည့်ကာလဆိုင်းငံ့ပေးရန်အဆိုတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၄ / ၂ဝ၁၉

ရခိုင်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့စတင်ရာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်မည့်ကာလအား ဆိုင်းငံ့ပေးရန် ပြည်နယ်အစိုးရအားတိုက်တွန်းသည့်အဆိုကို ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်ကြောင်း သိရသည်။

ယင်းအဆိုကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းလိုက်ခြင်း ဖြစ်သည်။

"ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် ဒေသများ၌ စိုက်ပျိုးရေးစရိတ်ချေးငွေများ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သဖြင့် အချိန်ကာလတစ်ခုထိ ဆိုင်းငံ့ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို" ဖြစ်သည်။

အဆိုရှင် ဦးလှသိန်းအောင်က "အဓိက ရည်ရွယ်ချက်က စစ်ပွဲဖြစ်နေတဲ့ဒေသမှာ တောင်သူလယ်သမားတွေဟာ ဒုက္ခကျနေတယ်။ မိုးရာသီကလည်း အချိန်မီ ထွန်ယက်မစိုက်ပျိုးနိုင်တဲ့ လယ်ဧက သိန်းချီရှိတယ်လို့ အစိုးရကလည်း တရားဝင် ထုတ်ပြန်ထားတာရှိတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီကြားထဲက အလုအယက်နဲ့ စိုက်ထားကြတဲ့ တောင်သူတွေအနေနဲ့လည်း အခု တိုက်ပွဲပြင်းထန်လာတဲ့အချိန်နောက်ပိုင်းမှာ အဲဒီစပါးတွေကို ရိတ်သိမ်းဖို့ အခက်အခဲကြုံနေကြတယ်။ ရိတ်သိမ်းခွင့်မရတဲ့ အနေအထားထဲမှာ ပြည်သူတွေကလည်း မိမိနေအိမ်တွေ၊ အိုးအိမ်တွေကို စွန့်ပြီးတော့ စစ်ရှောင်စခန်းတွေကို ရောက်နေကြတဲ့အချိန်မှာ၊ ကြီးစွာသော ဒုက္ခရောက်နေတဲ့ တောင်သူတွေကို ထပ်ပြီးတစ်ခါ အဲဒီ ဘဏ်ချေးငွေကို ထပ်ပြီး အစိုးရက အဓမ္မတောင်းမယ်ဆိုရင်၊ ဥပဒေနဲ့ အညီတောင်းမယ်လို့ဆိုရင် ဒီထက်ဒုက္ခရောက်မှာမရှိနိုင်တော့ဘူး။ ဒါကြောင့် တောင်သူတွေရဲ့ ဘဏ်ချေးငွေကိစ္စကို အချိန်ကာလတစ်ခုကို ဆိုင်းငံ့ဖို့ဆိုပြီးတော့ တင်တာဖြစ်တယ် "ဟု နိရဥ္စရာကိုပြောသည်။

အဆိုအား ပေါက်တောမြို့နယ်မှ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် ဆက်လက်ဆွေးနွေးရန် လွှတ်တော်၏သဘောထားအား ရယူရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု သိရသည်။

အဆိုအား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက ဒီဇင်ဘာလ ၂၆ ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းနိုင်သည်ဟုလည်း လွှတ်တော်က ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်မှလယ်သမားများအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ် ၈၄ ဘီလီယံကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ယခုနှစ်အတွင်း ထုတ်ချေးပေးခဲ့ပြီး ချေးငွေများကို လာမည့်မတ်လတွင် အပြီး ပြန်ဆပ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တိုက်တွန်းထားသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်ရန် လယ်သမား ၁၇ဝဝ ကျော်ရှိခဲ့ပြီး ယင်းအနက် အချို့ကို အမှုဖွင့်အရေးယူခဲ့ရသည်ဟုလည်း စစ်တွေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

--------------------------------

Unicode











ဆက်စပ် သတင်းများ