ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ရခိုင်မြို့နယ် ၇ မြို့နယ်တွင် မရိတ်သိမ်းနိုင်သည့် လယ်ဧက ၁ သောင်းခွဲကျော်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁/ ၂ဝ၂ဝ

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် မရိတ်သိမ်းနိုင်ဘဲ မှည့်နေပြီဖြစ်သည့် စပါးလယ်ဧက ၁ သောင်းခွဲကျော်ရှိနေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

စပါးများမှည့်နေသော်လည်း မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေသည့် မြို့နယ်များမှာ  ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်တို့ ဖြစ်ကြသည်။

တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့်အတွက် ဒေသခံလယ်သမားများအနေဖြင့် ၎င်းလယ်များသို့ သွားရောက်စပါးရိတ်သိမ်းရန် မဖြစ်နိုင်သလို တစ်ချို့လယ်သမားများမှာ  နေရပ်စွန့်ခွာထွက်ပြေးနေကြရသဖြင့် စပါးများကို မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

ရိတ်သိမ်းချိန်ကျော်လွန် နေပြီဖြစ်သည့် မှည့်နေသော စပါးများမှာ ပျက်စီးစပြုနေသည်ဟုလည်း သိရသည်။

"စစ်ဘေးကြောင့် ထွက်ပြေးသွားရတဲ့ မိသားစုထဲက အထူးသဖြင့် ဒီတောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ စစ်တမ်းကောက်တယ်။ စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်သေးတဲ့ လက်ရှိ လယ်ဧက ၁ သောင်းကျော် လောက်ရှိတယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့က ဆုံးရှုံးမှုတော့ ဖြစ်တယ်ပေါ့နော်။"ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာသို့ပြောသည်။

တိုက်ပွဲဒေသများအတွင်းရှိ လယ်သမားများမှာ ၄င်းတို့၏ စပါးများအား မရိတ်သိမ်းနိုင်ဘဲ စပါးခင်းများကို  ထားရစ်ကာ ထွက်ပြေးခဲ့ရသည့်အတွက် တာဝန်ရှိ လူကြီးများထံ ခွင့်တိုင်ကြားကာ ရက်အနည်းငယ်ခန့်အတွင်း အပြီးရိတ်သိမ်းလိုကြသည်ဟုလည်း ပြောကြသည်။
 
မြေပုံမြို့နယ် စညှင်းကျေးရွာမှ ဦးအောင်သန်းက “အခုက စပါးရိတ်သိမ်းချိန်ဖြစ်နေပြီ။ ရွာမှာက စပါးမရိတ်ရသေးတဲ့ သူတွေ၊ ရိတ်ပြီး မသိမ်းဘဲ ထားခဲ့ရတာတွေ ရှိပါတယ်။ စုစုပေါင်း ရွာက လယ်သမားတွေမှာ ဧက ၂၆ဝ လောက် ရှိနေပါတယ်။ ကျွန်တော်တို့ရွာကိုသွားရင် စစ်သားတွေက သေနတ်တွေနဲ့ လိုက်ပစ်တယ်။ လယ်ပြင်တွေကိုလည်း ဒီအတိုင်းပဲ ထားခဲ့ကြရပါတယ်။ ကျွန်တော့်မှာဆို လယ် ဧက ၁ဝ ကျော် ရိတ်နေရင်း မသိမ်းဘဲ အဲဒီအတိုင်း ထားခဲ့ရပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေသဖြင့် စပါးမှည့်နေသော်လည်း မရိတ်ရဘဲ ဖြစ်နေသော လယ်သမားများရှိကြောင်း၊ တောင်ဦးရွာမှ ဦးကျော်လှစိန်နှင့် ဒေါ်ခင်သန်းနွယ်တို့တွင် ထိပ်ဝပြင်ကွင်းတွင် လယ်ဧက ၃ ဧ စိုက်ပျိုးထားပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ရိတ်သိမ်းရန် သွားရာတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် စစ်တပ်က ၎င်းနယ်မြေသို့ မဝင်ရောက်ရန် တားမြစ်သဖြင့် မရိတ်သိမ်းခဲ့ရဟု သိရသည်။

စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေကြသည့် လယ်သမားများအနေဖြင့် အကူအညီလိုတောင်းခံလာလျှင် ကူညီပေးရန် အဆင်သင့်ရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က နိရဥ္စရာသတင်းဌာနအား ပြီးခဲ့သည့်နိုဝင်ဘာအတွင်း ပြောဆိုထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက "အစိုးရအနေနဲ့ကလည်း ကျွန်တော်တို့ တချို့နေရာတွေမှာ ကျွန်တော်တို့ ကြားရတာကတော့ ရိတ်သိမ်းဖို့အတွက်ကို တစ်မြို့နယ်ကို စက်တစ်လုံးကျ ပေးတယ်လို့ ကြားရတယ်။ သို့သော် လက်ရှိမှာ ဘယ်လောက်ထိ အလုပ်ဖြစ်လဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတယ်ပေါ့နော်။"ဟု ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်တွင် ပြီးခဲ့သည့်စပါးစိုက်ရာသီတွင် လယ်မြေဧက နှစ်သိန်းခန့်ကို စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဟုလည်း ရခိုင်ပြည်နယ်အစိုးရစာရင်းများအရ သိရသည်။

တိုက်ပွဲသင့်ဒေသများမှ လယ်သမားများအနေဖြင့် ယခုကဲ့သို့ အခက်အခဲအကြီးအကျယ်ဖြစ်ပွားနေသည့်အတွက် လယ်သမားများပေးသွင်းရမည့် စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးရန် ပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက ကျင်းပပြီးစီးခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းတောင်းဆိုခဲ့ရာ အဆိုအား ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်ဟုလည်း သိရသည်။

----------------------------


နိရဉ်စရာ၊ ဇနျနဝါရီ ၁/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ