သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဟင်းသီး၊ ဟင်းရွက် ပြပွဲပြိုင်ပွဲနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ စစ်တွေတွင်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် သီးနှံစိုက်ပျိုးရေးလုပ်ငန်း ဆင်ပြေစေရန် ရည်ရွယ်၍ ဟင်းသီး ဟင်းရွက်ပြပွဲ ပြိုင်ပွဲ၊ စျေးကွက်ချိတ်ဆက်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ တစ်ခုကို စစ်တွေတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၄င်းပွဲကို ရခိုင်ပြည်နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးကွက် ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်  MERCY CORPS နှင့် မြှားနီမျိုးစေ့ စသည့်အဖွဲ့အစည်းက ဦးဆောင်ကာ စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာနီအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတိုးတက်မြင့်မားရေးစီမံကိန်း မန်နေဂျာ ဒေါ်အေးကျော့ဆွေက "ဒီစီမံကိန်းက ရခိုင်ပြည်နယ်မှာ ဟင်းသီး ဟင်းရွက်ထုတ်လုပ်မှုတိုးတက်ဖို့နဲ့ တောင်သူတွေ ဝင်ငွေတိုးဖို့အတွက် ရည်ရွယ်လို့လုပ်တာပါ။"ဟု ပြောသည်။

၄င်းစီမံကိန်းထဲတွင် တောင်သူများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရန်အတွက် နည်းပညာများ၊ သင်တန်းများပေးခြင်း၊  တောင်သူများ၏ထွက်ကုန်များကို စျေးကွက်နှင့် ချိတ်ဆက်ပေးခြင်းများ အပြင် တခြားလုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း သူမက ဆက်ပြောသည်။

၄င်းစီမံကိန်းကို ရခိုင်ပြည်နယ်ထဲမှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနှင့် မြောက်ဦးစသည့် မြို့နယ် ၅ မြို့နယ်တွင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ကြက်တောပြင်ကျေးရွာမှ သီးနှံစိုက်ပျိုးသူ ဦးမောင်လှဝင်းက "ကျနော်က အခု သခွားတို့ ပဲတို့စိုက်ပျိုးတယ်။ အခု တနိုင်တပိုင်ပဲလုပ်နိုင်တယ်။ ကျနော်တို့မှာ အများကြီးလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အဲဒါကို အခုလို အဖွဲ့အစည်းတွေက လုပ်ပေးမယ်ဆိုရင်တော့ ကျနော်ကတော့ လက်ခံဖို့အဆင်သင့်ပါ"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးတောင်သူများသည် စိုက်ပျိုးရေးနည်းပညာနှင့် ထွက်ရှိလာသော သီးနှံများကို ရောင်းချနိုင်ရန် ဈေးကွက်စ နစ်မရှိသည့် အတွက်  အခက်အခဲဖြစ်နေရကြောင်း ဆွေးနွေးပွဲကို တက်ရောက်လာသည့် စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူများက ပြောသည်။
အဆိုပါ အခမ်းအနားကို  နိုင်ငံခြားမှ နည်းပညာရှင်များအပါအဝင် ရခိုင်မှစီးပွားရေးပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူလယ်သမားနှင့် စိုက်ခင်းပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ ဟင်းသီးဟင်းရွက် ပြပွဲ ပြိုင်ပွဲကို လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း မြောက်ဦးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခဲ့သည်။

-------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၆/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ