သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးအထွက်နှုန်းများစွာလျှော့ကျနိုင်ဖွယ်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လယ်မြေဧကအများအပြားကို စပါးမစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုနှစ်စပါးအထွက်နှုန်း များစွာလျော့ကျနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုနှစ် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် စပါးမစိုက်ပျိုးနိုင်သည့် လယ်မြေဧကပေါင်း ၅ သောင်းကျော်အထိရှိကြောင်း ၎င်းက ပြောကြားသည်။

“နယ်မြေဒေသ လုံခြုံရေးအခက်အခဲကြောင့်  မနှစ်ကလိုမျိုး ကိန်းဂဏန်း တိတိကျကျနဲ့ အသေးစိတ်တော့ မပြောနိုင်ဘူး။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ ဧက ၅ သောင်းအထက်ရှိပါတယ်။ မနှစ်ကတော့ တိုက်ပွဲကြောင့် လယ်မလုပ်နိုင်တာ  ဧက ၅ သောင်းဝန်းကျင်လောက်ရှိတယ်။ ဒီနှစ်မှာလည်း မနှစ်ကထက်တော့ မနည်းဘူးဆိုပြီးတော့ ကျနော်တို့က အနီးစပ်ဆုံးခန့်မှန်းတွက်ချက်မှုအရ ဧက ၅ သောင်း အထက်ရှိတယ်ဆိုပြီးတော့ ပြောရတာဖြစ်တယ်”  ဟုပြောသည်။

တိုက်ပွဲကြောင့် စပါးမစိုက်ပျိုးနိုင်သော မြို့နယ်များမှာ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ဖြစ်ကြပြီး ၄င်းတို့အထဲမှာ စပါးအများဆုံးမစိုက်ပျိုးနိုင်သော မြို့နယ်မှာ ရသေ့တောင်မြို့နယ်ဖြစ်ပြီး၊ ဒုတိယအများဆုံးမစိုက်ပျိုးနိုင်သောမြို့နယ်မှာ ကျောက်တော်မြို့နယ် ဖြစ်ကြောင်း ဦးကျော်ဇံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် စပါးမစိုက်ပျိုးနိုင်သော ဧက ၅ သောင်းကျော်အပြင် တခြား အကြောင်းအရာ များကြောင့် စပါးမစိုက်ပျိုးနိုင်သော ဧကပေါင်း ၁သိန်းခွဲခန့်အထိရှိကြောင်း သူကဆက်ပြောသည်။

“ဧက ၅ သောင်းကျော်လောက်က တိုက်ပွဲကြောင့်် မစိုက်နိုင်လို့ ပြောလို့ရတယ်။ တခြားမစိုက်နိုင်တဲ့ အနေအထားတွေလည်း ရှိပါသေးတယ်။ မစိုက်ပျိုးနိုင်ဆိုတာက တခြားအနေအထားတွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းအားလုံးကို ပြောရမယ်ဆိုရင်တော့ ဧက သိန်းနဲ့ချီလို့ရှိတယ်။ မနှစ်ကတော့ စပါးမစိုက်နိုင်တဲ့ ဧက ၁ သိန်းခွဲလောက်ရှိတယ်။ ဒီနှစ်မှာတော့ ၂ သိန်းဝန်းကျင် လောက်လျော့ကျသွားတယ်။ အဲဒီထဲမှာ တိုက်ပွဲကြောင့် ၅ သောင်းဝန်းကျင်လောက်ပါတယ်ဆိုရင်၊ ကျန်ရေ ၁ သိန်းခွဲလောက်က အလိုအလျောက်လျော့ကျသွားတာဖြစ်တယ် ” ဟုပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ၂ဝ၁၇ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးနောက် မူဆလင် အများအပြား တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားသဖြင့် လယ်ဧက အများအပြားကို စပါးမစိုက်ပျိုးနိုင်ဘဲ ဖြစ်နေပြီး ဧက တစ်သိန်းကျော်ထိရှိကြောင်း သိရသည်။

တချို့နေရာများတွင် စပါးများစိုက်ပျိုးထားခဲ့သော်လည်း တိုက်ပွဲအခြေအနေကြောင့် ထွက်ပြေး တိမ်ရှောင်နေရပြီး လယ်ယာမြေများအား အနီးကပ် ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် စပါးအထွက်နှုန်း တစ်ဝက်ခန့်အထိ လျော့ကျသွားသည်ဟု တောင်သူလယ်သမားများက ပြောဆိုကြသည်။

ရသေ့တောင်မြို့နယ် ရေပုတ်အုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက “ လယ်ကတော့ ထွန်းခဲ့တယ်။ တိုက်ပွဲ တွေကြောင့် စပါးမစိုက်ခဲ့ရဘူး။ အဲလို့မျိုး ပစ်ထားခဲ့ရတဲ့ လယ်တွေလည်းအများကြီးရှိတယ်။ စိုက်ထားခဲ့ရတဲ့ စပါးတွေကလည်း နှစ်တိုင်းခါလိုမျိုးမကောင်းဘူး။ မြေဆီ၊ မြေသြဇာလည်း မထည့်ရဘူး။ စပါးခင်းတွေကို အနီးကပ်လည်း မပြုစုရဘူးဆိုတော့ စပါးအထွက်နှုန်းတွေက တစ်ဝက်လောက်အထိ လျော့ကျသွားတယ်” ဟု ပြောသည်။

အစိုးရ စစ်တမ်းအရဆိုလျှင် ရခိုင်ပြည်နယ်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်း ၁ဝ သိန်းလေးသောင်းကျော် အထိရှိပြီး လက်တွေ့မြေပြင်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်း ၈ သိန်းခွဲခန့်သာရှိကြောင်း ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးကို ဆက်သွယ်၍ မရရှိခဲ့သဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ မှတ်ချက်ကို ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ