သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် ယခုနှစ်စပါးအထွက်နှုန်းကျသဖြင့် စပါးစျေးနှုန်းမြင့်တက်နိုင်ခြေရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

ဇွဲဓန ( ကိန်းသာမြေ )
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ယခုနှစ် စိုက်ပျိုးရာသီတွင် တိုက်ပွဲများကြောင့် စပါးစိုက်ဧကကျဆင်းခဲ့ပြီး ရာသီ ဥတုကြောင့် စပါးများထိခိုက်မှုရှိခဲ့သဖြင့် စပါးအထွက်နှုန်းကျနိုင်သလို တစ်ဖက်တွင်လည်း စပါးစျေးနှုန်း မြင့်တက်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ကိုယ်တိုင် စပါးစိုက်ပျိုးသူ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ မြောက်ဦးမြို့နယ်မှာ အကုန်လုံးတော့ စိုက်ပျိုးနိုင်ခဲ့တယ်။ စပါးကတော့ သီးထွက်မကိုက်၊ သီးထွက် နည်းပါတယ်။ သဘာဝကြောင့်ထင်ပါတယ်။  စပါးဖူးချိန်မှာ မိုးရွာပြီး လေတိုက်တော့ စပါးတွေလဲကုန်တော့ စပါးက ခါတိုင်းနှစ်တွေလို မကောင်းဘူး။ အဖျင်းများတယ်။ အထွက်နှုန်းကျပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိ မြောက်ဦးမြို့နယ် မြောက်ပိုင်း တောင်ဦး၊ ဝေသာလီ၊ လက္ကာ၊ အောက်သကန်၊ ပေါက်ပင်ကွင်း၊ သပြီကန်၊ ဘုရားကြီး စသည့် ကျေးရွာဝန်းကျင်တွင် စပါးတောင်း ၂ သိန်း နှစ်သောင်းခွဲရှိနေပြီး ရွှေဝါထွန်း၊ ရွှေတစ်ဆုတ်၊ ဧည့်မထ စပါးမျိုးဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခုနှစ် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မှ လယ်ယာမြေအများအပြားကို စပါးမစိုက်ပျိုးနိုင်ခဲ့၍ စပါး အထွက်နှုန်း ကျဆင်းပြီး စပါးစျေးနှုန်းတိုးလာနိုင်ကြောင်း၊ စပါးစျေးနှုန်းတိုးလာသည်အမျှ စစ်ဘေးရှောင် ပြည်သူများနှင့် မရှိဆင်းရဲသားမိသားစုများ စားဝတ်နေရေး အခက်အခဲရှိနိုင်ကြောင်း ရသေ့တောင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဦးဘသိန်းက နိရဥ္စရာ သို့ပြောသည်။

  ̏ ကျနော်တို့ ရခိုင်ပြည်မှာ စပါးမစိုက်ပျိုးလိုက်ရတဲ့ လယ်မြေအများကြီးရှိတယ်။ စပါးစိုက်လိုက်ရတဲ့ လယ်မြေတွေမှာလည်း  အပြည့်အဝ ဂရုစိုက်ပြီး အနီးကပ် ပြုစုပျိုးထောင်မှုတွေ လုပ်မပေးလိုက်ရဆိုတော့ ဒီနှစ်စပါး အထွက်နှုန်းလျော့လာတယ်။ စပါးအထွက်နုန်းကျရင် စပါးစျေးက တက်လာနိုင်တယ်” ဟု ပြောကြားသည်။  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မေယုကမ်းစေတီပြင်ဒေသတွင် လက်ရှိ စပါးစျေးနုန်းမှာ ရိုးရိုးစပါးချေ တောင်း ၁ဝဝ ကို တစ်သိန်းခြောက်သောင်း၊စပါးကြီးက နှစ်သိန်းတစ်သောင်းရှိပြီး ပေါ်ဆန်းမွေးမှာ နှစ်သိန်းငါးသောင်းထိ ရှိကြောင်း ဦးမောင်စောဝင်းက ပြောကြားသည်။  

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စပါးအထွက်နှုန်းကို မသိရှိသေးကြောင်း၊ စပါးစျေးက တောင်း ၁ဝဝ ကို ၂ သိန်းခွဲဝန်းကျင်ရှိသည်ဟု သိရကြောင်း ရခိုင်ပြည် ဆန်၊စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင် က ပြောသည်။

 ̏ ကျနော်ကတော့ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာ စပါးစျေးနှုန်း မသိသေးဘူး။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား လောက်ပဲသိတာပါ။ ဒီမြို့နယ်တွေမှာ အခုစပါးစျေးနှုန်းကတော့ ဒီနှစ် ပေါ်စပါးသစ် (အကြမ်း) တင်း ၅ဝ (တောင်း ၁ဝဝ) ကို ၂၅ဝဝဝဝ ကျပ်ရှိတယ်။ ပေါ်ဆန်းမွှေး စပါးသစ်ကတော့ မပေါ်သေးဘူး။ ယခင်နှစ်က စပါးဟောင်းပဲ ရှိတယ်။ အခုတော့ စပါးစျေးနှုန်း တက်နေလား၊ မတက်ဘူးလား ပြောလို့မရသေးဘူး။ ဒီနှစ် နိုင်ငံတော်က စပါးစျေးနှုန်း သတ်မှတ်ထားတာက စပါးတင်း ၁ဝဝ ကို ၅၂ဝဝဝဝ ကျပ်အောက် ဝယ်လို့မရဘူး သတ်မှတ်ထားတယ်။ ကျနော်တို့ ရခိုင်တွက်ချက်နည်းဆိုတော့ စပါး ၁ တင်းမှာ ၂ တောင်း ရှိတယ်။ စပါးတင်း ၅ဝ ဆိုတော့ စပါးတောင်း ၁ဝဝ ပေါ့။ စပါးတင်း ၁ဝဝ ဆိုရင် တောင်း ၂ဝဝ ရှိတယ် ̋ ဟု ပြောသည်။

ယခုနှစ် ရခိုင်ပြည်နယ်တွင် စပါးအထွက်နှုန်း သိသိသာသာကျဆင်းခြင်းနှင့် လက်ရှိ စပါးစျေးနှုန်း တည်ငြိမ်မှု မရှိ၍ ဒေသတစ်ခုနှင့်တစ်ခု စပါးစျေးနှုန်းကွာခြားနေသဖြင့် အတိအကျ ပြောဆို၍ မရသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာသို့ ပြောသည်။

 ̏ စပါးအထွက်နှုန်းကတော့ သိသိသာသာ ကျဆင်းတယ်။ စပါးအထွက်နှုန်းဆိုတာက တစ်ဧကပေါ်မှာ မူတည်ပြီး ဘယ်လောက် ထွက်တယ် ဆိုတဲ့သဘောပေါ့။ အခု စပါးစျေးနှုန်းကတော့ တည်ငြိမ်မှုမရှိဘူး။ စပါး ရိတ်သိမ်းပြီးချိန် မရောက်သေးဘူး ဆိုတော့ တိကျတဲ့စျေးနှုန်းကိုတော့ မသိသေးဘူး။ အခု စပါး ပေါက်စျေးနှုန်းကတော့ ဒေသတစ်နှင့်တစ်ခု ကွာခြားတယ်။ မတူဘူးပေါ့။ မြောက်ဦး၊ မြေပုံနဲ့ ကျောက်ဖြူ ဒေသကစပါး ကွာခြားပါတယ်။ အထူးသဖြင့်ပေါ့နော်။ မြောက်ဦးဒေသကစပါးနဲ့ ကျောက်တော် ဒေသက စပါးက ပိုလို့ စျေးကောင်း ပါတယ် ̋ ဟု ပြောသည်။

ယခုနှစ် စပါးပေါက်စျေးနှုန်းသည် စပါးတစ်မျိုးနှင့်တစ်မျိုး စျေးနှုန်းကွာခြားနေပြီး စပါးရိတ်သမား ရှားပါးနေသဖြင့် စပါးတွေအမှည့်လွန်၍ စပါးအထွက်နှုန်း လျော့ကျခဲ့ရကြောင်း ရသေ့တောင်မြို့နယ် ဘက္ကားကျေးရွာ ဒေသခံ လယ်လုပ်သူ ကိုမောင်ညွှန့်ဝင်းက ပြောသည်။

"ကျနော်တို့ ဒေသ အခု စပါး ပေါက်စျေးနှုန်းကတော့ စပါး တောင်း ၁ဝဝ ကို ၁၃ဝဝဝဝ ကျပ်နဲ့ လာဝယ်ကျတယ်။ သီရိဒုံရယ်၊ ဧည့်မထရယ် ဒီစပါးတွေက ၁၃ဝဝဝဝ ကျပ်ရတယ်။ စပါးကြမ်းတွေ အကုန်လုံး ဒီစျေးနှုန်းပဲပေးတယ်။ ကောက်ညှင်းစပါးကတော့ ၁၉ဝဝဝဝ ကျပ် ပေါ်ဆန်းမွှေးစပါးက ၂၁ဝဝဝဝ ကျပ် ရတယ် ̋ ဟု ၎င်းက ပြောသည်။

၎င်းပြင် သူက ̏ စပါးလာဝယ်လူတွေကတော့ စစ်တွေ ကျောက်တော် စပါးပွဲရုံကိုစားလှယ်များက လာဝယ်တယ်။ ကျနော်တို့ မြို့ကလည်း လာဝယ်ကြတယ်။ စပါးရိတ်သိမ်းတာကတော့ လက်နဲ့ရိတ်တဲ့ လယ်သမားတွေများတယ်။ စပါးရိတ်စက်နဲ့ မရိတ်နိုင်ကြဘူး။ လုပ်တဲ့လယ်က နည်းနည်းဆိုတော့ စပါးရိတ်စက်ငှားဖို့ မတတ်နိုင်ကြ။ အဖိုးအခ တိုးပေးပေမဲ့ စပါးရိတ်ဖို့လူ ရှာလို့မရဘူး။့ စပါးတွေ အမှည့်လွန်ပြီ ကြွေကျဆိုတော့ စပါးအထွက်နှုန်း ရသင့်သလောက်မရ။ လျော့တာပေါ့ ̋ ဟု ပြောသည်။

ရသေ့တောင်မြို့နယ်တောင်ပိုင်းတွင် ယခုနှစ် စပါးအထွက်နှုန်းကျပြီး အရောင်းအဝယ်မရှိဖြစ်နေကြောင်း သောင်းဒရား အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အစိုးရ စစ်တမ်းအရဆိုလျှင် ရခိုင်ပြည်နယ်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်း ၁ဝ သိန်းလေးသောင်းကျော် အထိရှိပြီး လက်တွေ့မြေပြင်တွင် စပါးစိုက်ပျိုးနိုင်သော ဧကပေါင်းမှာ ၈ သိန်းခွဲခန့်သာရှိကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာတောင်သူလယ်သမားသမဂ္ဂအသင်းမှ တစ်ဆင့် သိရှိရသည်။

ဆက်စပ် သတင်းများ