စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင်ရေကြီးခဲ့မှုကြောင့် စပါးစိုက်ဧက တစ်သောင်းကျော်ပျက်စီး၊ ပြန်စိုက်ပျိုးရန် အရင်းအနှီးမရှိ၍ လယ်သမားများအခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဩဂုတ် ၁၁ /၂၀၂၁
ရခိုင်တွင် ဇူလိုင်လ နောက်ဆုံးအပတ်က ရေကြီးခဲ့မှုကြောင့် စပါးစိုက်ဧက တစ်သောင်းကျော် ပျက်စီးခဲ့ပြီး ၎င်းစိုက်ခင်းများကို ပြန်လည် စိုက်ပျိုးရန် အရင်းအနှီးမရှိ၍ လယ်သမားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှ တောင်သူ ဦးမောင်မြစံက “ လွန်ခဲ့တဲ့လကုန်ရက်တွေက မိုးရွာပြီး ရေကြီးခဲ့တာကြောင့် ကျနော့်မှာ လယ်ဧက ၄ ဧကကျော် (ဝါးအပြန် ၅၀၀)လောက် ပျက်စီးသွားပါတယ်။ မိုးစပါးတွေက ထွက်နေကြတာ လက်တောင် ၁ တောင်ကျော်လောက် ရှည်နေခဲ့ပါပြီ။ အားလုံးပျက်စီးသွားတာပါ။ ကျနော် စိတ်ဓာတ်ကျလို့ ကိုယ့်လယ်ကိုတောင် ပြန်သွား မကြည့်ချင်တော့ဘူးဗျာ။ ပြန်လည် စိုက်ဖို့ဆိုတာကလည်း မိုးစပါးနဲ့ မရတော့ဘူး။ ပျိုးစပါးတွေ ဝယ်ပြီး လူတွေ ငှားပြီး စိုက်ရမှာဆိုတော့ အဓိကတော့ ပိုက်ဆံတွေ အရေးတကြီးလိုနေပါတယ်။ ဒါတွေကို အချိန်မီ ပြန်မစိုက်ပျိုးနိုင်ရင် လယ်ယာကို အဓိက အားထားပြီး လုပ်ကိုင်နေတဲ့ ကျနော်တို့ တောင်သူတွေ အခက်အခဲတွေ့နိုင်ပါတယ် ” ဟု ပြောသည်။
စိုက်ပျိုးထားသည့် စပါခင်းများ ပျက်စီးသွားသည့် မြို့နယ်များမှာ မင်းပြား ဧက ၅၀၀၊ ကျောက်တော် ဧက ၂၅၀၀၊ မောင်တော ဧက ၃၂ဝ ကျော်၊ ဘူးသီးတောင် ဧက ၃၀၀ ကျော်၊ ပုဏ္ဏားကျွန်း ဧက ၁၅၀၀၊ ရသေ့တောင် ဧက ၁၁၀၀၊ မြောက်ဦး ဧက ၃၀၀၀၊ ပေါက်တော ဧက ၁၄၀၀၊ တောင်ကုတ် ဧက ၁၂ဝဝ နှင့် သံတွဲ ဧက ၅၀၀ ခန့် စသည့် မြို့နယ် (၁၀) ခုမှ လယ်မြေဧကပေါင်း ၁၂၈၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်တွင် မိုးသည်းထန်စွာရွာသွန်း၍ သံတွဲမြို့နယ်အတွင်း ကာရီတာများ ကျိုးပေါက်သွားသည့်အတွက် ပျက်စီးခြင်း ပိုများကြောင်း၊ ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေများအတွက် ပြန်လည်စိုက်ပျိုးရန် ပျိုးစပါးများနှင့် ငွေကြေးများ ထောက်ပံ့မှုများ အရေးတကြီးလိုအပ်နေကြောင်း တောင်သူများက ပြောဆိုသည်။
မြောက်ဦးမြို့နယ်မှ လယ်ယာမြေ ၄ ဧကကျော်ပျက်စီးဆုံးသွားသည့် လယ်သမားတစ်ဦးဖြစ်သူ ဦးရွှေကျော်က “ကျနော်တို့ ကိုယ့်ကိုကိုယ် လုပ်နေရင်တော့ အချိန်မီ ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ အလုပ်သမားတွေငှားဖို့ကလည်း ငွေကြေးကလည်း မတတ်နိုင်တော့ဘူး။ ဓာတ်မြေဩဇာတွေကလည်း ဈေးကြီးနေတယ်။ အစိုးရအနေနဲ့ ကူညီပေးစေလိုပါတယ်။ အစိုးရက ငွေကြေး မထောက်ပံ့နိုင်ရင်လည်း ချေးငွေ သဘောမျိုး ထုတ်ပေးစေချင်ပါတယ်။ အခုက စပါးပြန်ကြဲလို့ အဆင်မပြေဘူး။ ပျိုးပင်တွေ ရောင်းတဲ့ သူတွေဆီက ဝယ်ပြီး ပျိုးစိုက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယခုနှစ်စိုက်ပျိုးရာသီတွင် အစိုးရက ရခိုင်မှ လယ်သမားများကို ချေးငွေများလည်း ထုတ်ချေးပေးခြင်း မရှိသေးကြောင်း သိရသည်။
ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်မြေများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်အနီးအနား လယ်မြေများကို ကွင်းဆင်းစစ်ဆေးခြင်းရှိခဲ့သော်လည်း ပျက်စီးဆုံးရှုံးသွားသည့် လယ်သမားများအား စိုက်ပျိုးရေးလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းမျိူး မတွေ့ရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
“ရခိုင်တစ်ပြည်လုံး ရေကြီးမှုကြောင့် ပျက်စီးသွားတာ ဧက ၁၂၈၀၀ လောက်ပေါ့။ အဲဒီထဲမှာ ပြန်လည်စိုက်ပျိုးဖို့အတွက် အခက်အခဲဖြစ်နေကြတဲ့ တောင်သူတွေ အများကြီးရှိပါတယ်။ လက်ရှိအစိုးရအနေနဲ့လည်း ပျက်စီးသွားတဲ့ တောင်သူတွေကို စိုက်ပျိုးရေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးတာတွေ မရှိသေးဘူး” ဟု ပြောသည်။
လယ်သမားများအနေဖြင့် ယင်းပျက်စီးသွားသည့် လယ်ဧကစာရင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားရန် မှာကြားထားသဖြင့် တိုင်ကြား ထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်း၊ မိုးစပါးများ ပြန်လည် အချိန်မီ စိုက်ပျိုးနိုင်ရန် လက်ရှိအစိုးအနေဖြင့် ငွေကြေး ထောက်ပံ့မှုများ အပါအဝင် ပျိုးပင်များ၊ လယ်ယာသုံးစက်ယန္တရားများနှင့် ဓာတ်မြေဩဇာများလည်း လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိရခိုင်တွင် လယ်မြေဧကပေါင်း ၁၂ သိန်းကျော်ရှိပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ နှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ လယ်ဧက အများအပြားမစိုက်ပျိုးနိုင်ဖြစ်ခဲ့ရကာ လယ်မြေဧက ၈ သိန်းလောက်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု သိရသည်။
၂၀၁၉/ ၂၀၂၀ ခုနှစ်များတွင် ရခိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လယ်မြေဧက ၅ သောင်းလောက် ထပ်မံစိုက်ပျိုးနိုင်ခြင်း မရှိခဲ့ဟု သိရသည်။
ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်နေသည့် ပြည်နယ် တစ်ခုဖြစ်သော်လည်း ခေတ်အဆက်ဆက် အစိုးရအနေဖြင့် လယ်သမားများ အတွက် အာမခံချက်ရှိသည့် ဆန်စပါးဈေးကွက်များ မဖော်ဆောင်ခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်း၊ လယ်ယာ သုံးထုတ်ကုန်ပစ္စည်းများ ဈေးကြီး လာခြင်းကြောင်း တောင်သူ လယ်သမားများမှာ လယ်ယာလုပ်ငန်းတွင် နှစ်စဉ် အရှုံးများဖြင့်သာ ရင်ဆိုင်နေကြရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောဆိုသည်။

ဆက်စပ် သတင်းများ