စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ယခုနှစ်မြေဩဇာစျေးနှုန်းမြင့်တက်၍ အလုံအလောက်မသုံးစွဲနိုင်သဖြင့် ရခိုင်တွင်စပါးအထွက်နှုန်း ၄ဝ ရာနှုန်းအထိ လျော့ကျနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 504

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ သြဂုတ် ၂၇ / ၂ဝ၂၁

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း မြေဆီမြေသြဇာစျေးနှုန်းမြင့်တက်၍ သုံးစွဲမှုနည်းပါးခဲ့သည့်အတွက် လာမည့်စပါးထွက်ရာသီတွင် စပါးအထွက်နှုန်း ၄ဝ ရာနှုန်းအထိ လျော့ကျလာနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း လယ်ဧက ၈ သိန်းခန့်ကို ယခင်နှစ်များကကဲ့သို့ ပုံမှန်အတိုင်းစိုက်ပျိုးနိုင်ခဲ့သော်လည်း မြေဆီမြေသြဇာစျေးနှုန်းများမြင့်တက်ခဲ့၍ လယ်သမားအများစု မြေသြဇာ မသုံးစွဲနိုင်ဖြစ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ စပါးအထွက်နှုန်းလျော့နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ဒေသတော်တော်များများက မြေဆီ၊ မြေသြဇာကို၊ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးမှုကပိုများလာတဲ့အခါ၊ ဒီနှစ်မှာက ဓာတ်မြေသြဇာ မသုံးစွဲနိုင်။ ဓာတ်မြေသြဇာက တစ်ဆလောက်ကို တက်သွားတယ်စျေးက။ စျေးတက်သွားတဲ့အတွက်ကြောင့် မသုံးစွဲနိုင်ဘူး။ မသုံးစွဲနိုင်တဲ့အပေါ်မှာ ကျနော်တို့တွေ စစ်ဆေးမှုတွေလုပ်နေပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်လျော့ကျသွားမယ့်အနေအထားရှိတယ် မနှစ်ကအထိထက်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်အတိုးအတွင်းမှာ၊ အရင်နှစ်တွေထက်လျော့ကျသွားမယ့် ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းရှိပါတယ်။ဟု ပြောသည်။

ရခိုင်တွင် ယခင်နှစ်များက ဓာတ်မြေသြဇာတစ်အိတ်လျှင် ကျပ် ၃ သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၆ သောင်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့သည့်အတွက် မြေသြဇာများမသုံးစွဲနိုင်ခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာမှ ဦးမောင်မြင့်အေးက ဒီနှစ်က ဓာတ်မြေသြဇာစျေးနှုန်းတွေမြင့်တက်နေတော့ လယ်သမားတွေ ဓာတ်မြေသြဇာမသုံးနိုင်ကြဘူး။ ပြီးတော့ ဒီနှစ်က မိုးရေလည်းကြီးတယ်။ မြက်ပင်၊ ပေါင်းပင်တွေလည်း များတယ်။ ပျိုးပင်တွေ သိပ်မကောင်ကြးဘူး။ ပျိုးပင်တွေမကောင်းရင်လည်း မြေသြဇာတွေ၊ မြက်သတ်ဆေး၊ ပေါင်းသတ်ဆေးတွေမသုံးနိုင်ဘဲ ဒီအတိုင်းထိုင်ကြည့်နေရတယ်။ စပါးထွက်နှုန်းလည်း အရင်နှစ်တွေထက် အများကြီးလျော့ကျနိုင်ပါတယ်။ တခြားအလုပ်သမားစရိတ်တွေများတော့ လယ်သမားတွေအတွက် အကြွေးတွေများလာနိုင်ပါတယ်။ဟု ပြောသည်။

ယခုနှစ် စပါးအထွက်နှုန်းလျော့ကျလာနိုင်သည့်အတွက် ဆန်စျေးနှုန်းများတက်လာနိုင်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းထားသည်။

ဆက်စပ် သတင်းများ