ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စက်သုံးဆီစျေးတက်နေ၍ စက်ဖြင့် စပါးရိတ်ခ စျေးမြင့်တက်မည်ကို လယ်သမားများစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၅/၂၀၂၁
ယခုနှစ်အတွင်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသည့်အတွက် စပါးရိတ်စက်များဖြင့် စပါးရိတ်သိမ်းခြွေလှည့်ခများ စျေးမြင့်တက်မည်ကို အလွန်တရာ စိုးရိမ်နေသည်ဟု လယ်သမားများက ပြေသည်။
ကျောက်တော်မြို့နယ်၊ အုန်းကျွန်းကျေးရွာမှ လယ်သမား ကိုကျော်သန်းလှက "စပါးရိတ်ရမဲ့အချိန်ရောက်လာတော့မယ်။ ဆီစျေးတွေကတက်နေတော့ အခုဆီစျေးနဲ့ဆို စပါးရိတ်စက်ခကလည်း တက်နိုင်တယ်လို့ ရိတ်စက်ပိုင်ရှင်တွေက ပြောတယ်။ ဒီနှစ်တော့ လယ်သမားတွေတော်တော်အကျပ်တည်းခံရမယ်ထင်တယ်။"ဟု ပြောသည်။
လယ်သမားများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေအကျပ်အတည်း၊ မြေဆီမြေသြဇာနှင့် ကုန်စျေးနှုန်းမြင့်တက်မှုပြဿနာ၊ ရာသီဥတုဒဏ် စသည့်အခက်ခဲများကို တောက်လျှောက် ရင်ဆိုင်လာခဲ့ရပြီးမှ ယခုကဲ့သို့ စပါးရိတ်သိမ်းခစျေးမြင့်မည်ဆိုလျှင် အလွန်တရာစိန်ခေါ်မှုများလာနိုင်သည်ဟု ပြောသည်။
ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက "ကျွန်တော်တို့ ရခိုင်မှာလယ်သမားတွေက စပါးပင်ပေါက်တုန်းကလည်း ရေကြီးတာတွေနဲ့ခံကြရတယ်။ ဒီနှစ်ထဲ မြေဆီကလည်း စျေးကြီးတော့ မြေဆီက လောက်ငအောင်မကြဲနိုင်ခဲ့ဘူး။ ဒီကြားထဲက စပါးရိတ်ခက မြင့်တက်လာဦးမယ်ဆိုရင် ဦးလေးတို့လယ်သမားတွေရဲ့ဘဝက အတော်စိန်ခေါ်မှုများမှာပဲ"ဟု ပြောသည်။
အလုပ်အကိုင်ရှားသည့်ရခိုင်ပြည်နယ်တွင် ပြည်ပထွက်ခွာရွှေ့ပြောင်းအလုပ်လုပ်သူများပြားနေမှုကြောင့် စပါးရိတ်သိမ်းချိန်ရောက်လျှင် အလုပ်သမားရှားပါး၍ စပါးရိတ်သိမ်းစက်တို့ကိုသာ အဓိကအားထားနေရခြင်းဖြစ်သည်။
ယခင်နှစ်က စပါးရိတ်စက်ဖြင့် ရိတ်သိမ်းခမှာ သီရိဒုံစပါးတစ်ဧကလျှင် ကျပ် ၄ သောင်းခန့်နှင့် ပေါ်ဆန်းမွှေးတစ်ဧကလျှင် ကျပ် ၆ သောင်းခွဲခန့်စျေးရှိခဲ့သည်ဟု လယ်သမားများနှင့် ရိတ်သိမ်းစက်ပိုင်ရှင်များက ပြောသည်။
ယခုနှစ်တွင် စက်သုံးဆီစျေးနှုန်းများမြင့်တက်နေမှုကြောင့် သီရိဒုံစပါးတစ်ဧကလျှင် ကျပ် ၅ သောင်းခန့်နှင့် ပေါ်ဆန်းမွှေးတစ်ဧကလျှင် ကျပ် ၇ သောင်းခန့်တောင်းရန် မှန်းထားသည်ဟုလည်း ရိတ်သိမ်းစက်ပိုင်ရှင်များက ပြောသည်။
ကျောက်တော်မြို့နယ်မှ စပါးရိတ်သိမ်းစက်ပိုင်ရှင် ဦးကျော်ခင်မောင်က “ဆီစျေးတွေ ဒီထက်ပိုတက်ဦးမယ်ဆိုရင် စက်တွေဘာတွေလည်း ရပ်နားရမဲ့အနေအထားဖြစ်သွားမယ်။ တောင်သူတွေမှာလည်း စက်နဲ့မရိတ်နိုင်ဘူးဆိုရင် လက်တွေနဲ့ ပြီးချင်တဲ့အချိန်ပြီးဆိုပြီးတော့ ရိတ်ရမဲ့အနေအထားဖြစ်သွားမှာပေါ့”ဟု ပြောသည်။
ယခုပြဿနာများမှာ အစိုးရနှင့်တိုက်ရိုက်ပတ်သက်သော်လည်း အစိုးရအနေဖြင့် အာရုံစိုက်နိုင်မည်မဟုတ်သည့်အတွက် တောင်သူလယ်သမားများအနေဖြင့် ကိုယ့်အခက်ခဲကိုကိုယ် ခါးစည်းခံကြရုံသာရှိတော့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌဦးကျော်ဇံက ပြောသည်။
ဦးကျော်ဇံက "ဒါက အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ဆို အစိုးရနဲ့တိုက်ရိုက်ပတ်သက်တယ်။ အခုအစိုးရကလည်း ဒီအပိုင်းကိုအာရုံစိုက်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ထင်တယ်။ တောင်သူလယ်သမားတွေကတော့ ကိုယ့်အခက်ခဲကို ကိုယ်ခါးစည်းခံကြရမှာပါပဲ။"ဟု ပြောသည်။
ရခိုင်တွင် သီရိဒုံ၊ ပေါ်ဆန်းမွှေး၊ အိန္ဒိယ(ရှယ်)၊ စာပစိနှင့် ငါးရာပေါ်စသည့်စပါးများကို စိုက်ပျိုးတတ်ကြပြီး သီတင်းကျွတ်လလွန်ပြီးလျှင် သီရိဒုံစပါးများမှစတင်ကာ ရိတ်သိမ်းရတော့မည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်၌ စပါးစျေးများကျဆင်းနေသည်ဟုလည်း လယ်သမားများက ပြောသည်။

ဆက်စပ် သတင်းများ