ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စပါးတင်း (၁၀၀)ကို ကျပ် ၅ သိန်း ၄ သောင်းသတ်မှတ်မှု လယ်သမားများအတွက် ဘယ်လိုမှအဆင်မပြေနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၆/၂၀၂၁
အစိုးရကသတ်မှတ်လိုက်သည့် စပါးတင်း (၁၀၀)ကို ကျပ် ၅ သိန်း ၄ သောင်းနှုန်းမှာ ဘယ်လိုမှအဆင်မပြေနိုင်ကြောင်း လယ်သမားများက ပြောဆိုကြသည်။
ရသေ့တောင်မြို့နယ်မှ လယ်သမား ဦးဘသိန်းက "ဒီသတ်မှတ်စျေးနှုန်းက ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ လယ်သမားတွေမှာကတော့ ခေတ်အဆက်ဆက် နင်းပြားခံဘဝပါပဲ။ အခု အစစအရာရာစျေးတက်နေချိန်မှာ ဒီစျေးနဲ့က ဘယ်လိုမှတိုးမပေါက်ဘူး"ဟု ပြောသည်။
အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့့် ကိုက်ညီသည့်စပါးတင်း (၁၀၀)ကို ကျပ် ၅ သိန်း ၄ သောင်းအဖြစ် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ခဲ့သည်။
ယခုစျေးနှုန်းမှာ ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
လက်ရှိတွင် ကုန်စျေးနှုန်းများနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး စပါးစျေးများ စျေးကောင်းမရဖြစ်နေသည့်အတွက် ယခုထက် စျေးနှုန်းပိုတိုးပေးသင့်သည်ဟုလည်း ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"ဒီစျေးနဲ့ အဆင်မပြေနိုင်ဘူး။ ဘာလို့ဆို ဆီစျေးတက်တယ်။ လုပ်အားခတွေလည်းတက်တယ်။ လယ်ထွန်ဖို့လည်း ဆီလိုတယ်။ စပါးရိတ်ဖို့လည်း ဆီလိုတယ်။ ဆီတစ်ပေပါကို အခု ၄ သိန်းရှိတယ်။ အမှန်တကယ်က ဒီထက်စျေးပိုပြီးသတ်မှတ်သင့်တယ်လို့ သုံးသပ်မိတယ်"ဟု ပြောသည်။
ယမန်နှစ် မိုးစပါးပေါ်ချိန်တွင်လည်း စပါးတင်း (၁၀၀)ကို အနိမ့်ဆုံး ၅ သိန်း ၂ သောင်းကျပ် သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ