သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်သူလယ်သမားနေ့သည် ၅၉ နှစ်မြောက် ရှိသွားပြီဖြစ်သော်လည်း ရခိုင်မှလယ်သမားများ၏ဘဝ အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေရဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂ / ၂၀၂၂
ယနေ့မတ်လ ၂ ရက်တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့သည် ၅၉ နှစ်မြောက် ရှိသွားပြီဖြစ်သော်လည်း ရခိုင်မှ တောင်သူလယ်သမားများ၏ဘဝသည် ဖွံ့ဖြိုးတိုးတက်မလာဘဲ အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု လယ်သမားများက ပြောသည်။
ရခိုင်ပြည်နယ်ရှိ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များထဲမှ အကျပ်တည်းဆုံးလယ်သမားများဖြစ်ပြီး ခေတ်အဆက်ဆက်တာဝန်ယူခဲ့သော အစိုးရတို့၏ စေတနာမမှန်ကန်မှုကြောင့် ဆင်းရဲကျပ်တည်းမှုဒဏ်ကို ခံနေရဆဲဖြစ်သည်ဟု လယ်သမားများက ပြောသည်။
လက်ရှိတွင် နိုင်ငံရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာခြင်း၊ ဓာတ်မြေသြဇာ စျေးတက်မှုများ၊ ဒီဇယ်ဆီများစျေးတက်မှုကြောင့် လယ်သမားများအတွက် စပါးစိုက်ပျိုးရန် လွန်စွာအခက်ခဲဖြစ်နေရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ဝင် ဦးအောင်ကျော်မြက နိရဥ္စရာကိုပြောသည်။
“လယ်သမားတွေက စစ်ဘေးကြောင့်တစ်မျိုး မစိုက်ရဘူး။ ကပ်ဘေးကြောင့်တစ်မျိုး၊ ခုဆိုရင် လယ်ယာသုံး ပစ္စည်းတွေ စျေးအဆမတန်တက်တာတွေကြောင့် စပါးစိုက်ပျိုးဖို့ကို တော်တော်အခက်ခဲဖြစ်နေကြတာ။ ဘယ်လိုပဲအခက်ခဲရှိခဲ့၊ ရှိခဲ့။ တို့တောင်သူတွေကို ဘယ်အဖွဲ့အစည်း တစ်ဦးတစ်ယောက်ကမှ ထိထိရောက်ရောက် ကူညီခဲ့တာမရှိဘူး။ ဒါကြောင့် ခေတ်အဆက်ဆက်လယ်သမားတွေဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ စေတနာ မမှန်ကန်မှုတွေရှိခဲ့တာကြောင့် ခုတာဝန်ရှိတဲ့အစိုးရတွေကို အခုလယ်သမားတွေ အရမ်းအခက်ခဲဖြစ်နေတာကို သိစေချင်တယ်” ဟု ပြောသည်။
ရခိုင်မှ လယ်သမားများတွင် စပါးစိုက်ပျိုးရိတ်သိမ်းရာတွင် အခက်အခဲများစွာရှိနေသည့်အတွက် မိသားစု စားဝတ်နေရေးကျပ်တည်းပြီး သားသမီးများ ပညာသင်ကြားရာတွင် ထောက်ပံ့ပေးနိုင်မှု နည်းပါးလာနေကြသည်ဟု သိရသည်။
ယင်းကြောင့် လယ်သမားတို့၏အခက်ခဲများကို အစိုးရက စေတနာအမှန်ဖြင့် ကူညီပေးရန် လိုအပ်သည်ဟုလည်း ဦးအောင်ကျော်မြက ပြောသည်။
တောင်သူလယ်သမားများ၏ ဘဝရပ်တည်နိုင်ရေးအတွက် အစိုးရအဖွဲ့တွင် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနများလိုအပ်ပြီး လက်ရှိတွင် တစ်ဦးတစ်ယောက်ကိုမျှအားကိုးမရသည့်အတွက် လယ်ယာလုပ်ငန်းလုပ်ကိုင်လိုစိတ်မရှိကြတော့ဘဲ ပြည်ပထွက်ခွာမှုများလာနေသည်ဟုလည်း မာန်အောင်မြို့မှ လယ်သမား ဦးထွန်းမင်းက ပြောသည်။
“ကျနော်တို့မာန်အောင်မြို့နယ်မှာဆိုရင် စက်မှုလယ်ယာဆိုတာ မြို့တစ်ခုလုံးမှာ ဘာတစ်ခုမှမရှိပါဘူး။ အစိုးရကိုလည်း အားကိုးမရ၊ ကုမ္ပဏီကိုုလည်း အားကိုးမရတာကြောင့် လယ်သမားတွေဟာ နောက်ဆုံးမှာ ထိုင်းသွား၊ မလေးသွားနဲ့ လယ်လုပ်ငန်းကိုစွန့်ခွာပြီးသွားကြပါတယ်။ ဒါကြောင့် ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲပြောင်းပြောင်း အပယ်ခံလယ်သမားဖြစ်နေတဲ့အတွက် အဓိကတော့ လယ်သမားကိုယ်စားလှယ်အဖြစ် လယ်သမားရေးရာဝန်ကြီးတစ်ခုတော့ လိုပါတယ်”ဟု ပြောသည်။
ရခိုင်တွင် မြို့နယ်အများအပြား၌ လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ယင်းအနက် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့သည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အများဆုံးဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂမှ သိရသည်။
ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရက တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့အခမ်းအနားကို ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီလသည် တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ဖြစ်နေခြင်းတို့ကြောင့် ၁၉၆၅ ခုနှစ်မှစတင်ကာ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ