ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော် ဇီးချောင်းရေလှောင်တမံ ၁ဝ နှစ်ရှိပြီဖြစ်သော်လည်း စိုက်ပျိုးရေးအတွက် ထိရောက်စွာအသုံးမပြုနိုင်သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၇/ ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဇီးချောင်းရေလှောင်တမံကို ကျပ်သန်း ၈ ထောင်ကျော်ဖြင့်ဆောက်လုပ်ထားသည်မှာ ၁ဝ နှစ်ရှိပြီဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးအတွက် ထိရောက်စွာအသုံးမပြုနိုင်သေးကြောင်း ဒေသခံတောင်သူများက နိရဥ္စရာအား ပြောသည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ကျောက်တော်မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ကျော်မြက “ဒီဆည်ဟာဧကပေါင်း သုံး၊ လေးသောင်းအထိတောင် စိုက်ပျိုးလို့ရနိုင်တဲ့ဆည်ဖြစ်တယ်။ လက်တံမြောင်းတွေဖောက်ပြီးတော့ ကျောက်တော်မြို့နယ်အဆုံးဖြစ်တဲ့ ကြောင်ဖိုရွာအထိ ရေရောက်မယ်ဆိုပြီး လယ်သမားတွေနားမှာ ကြားလိုက်ရတယ်။ အခုအခြေအနေမှာက ရေရဖို့အခြေအနေမမြင်ဘူး။ ကျွန်တော်တို့ ရေရမယ့် လမ်းလည်း မရှိဘူး” ဟုပြောသည်။
အဆိုပါရေလှောင်တမံမှာ ကျောက်တော်မြို့၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး လက်ရှိတွင် အနီးအနားကျေးရွာတစ်ခု၌ ကုမ္ပဏီတစ်ခုမှ လယ်ဧက ၂ဝဝ ကျော်ကို ယင်းဆည်မှရေဖြင့်စိုက်ပျိုးထားသည်ကို တွေ့ရကာ ဒေသခံလယ်သမားများအတွက် ရေရရှိမှုမရှိသေးကြောင်း သူက ဆက်ပြောသည်။
ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကလည်း ဇီးချောင်းရေလှောင်တမံမှ နှစ်စဉ်ထိန်းသိမ်းစရိတ် ငွေကျပ်ဘီလျံနှင့်ချီ၍ သုံးစွဲနေသည်ကို ကြားသိရသော်လည်း စိုက်ပျိုးရေးအတွက် အသုံးမပြုနိုင်ဘဲ လူအများ အလည်အပတ်သွားလာစရာနေရာတစ်ခုထက်မပိုသည့် ရေလှောင်တမံတစ်ခုသာဖြစ်နေကြောင်း ပြောသည်။
“ဒီဆည်ကဘယ်အခြေအနေမှာရှိနေလဲဆိုရင် လူငယ်တွေသွားတယ်။ အပန်းဖြေကြတယ်။ Resort တစ်ခုထက်မပိုဘူး။ စဆောက်တုန်းက TV တွေမှာမြင်လိုက်တာ မဟာမုနိဘုရားကို မီးပူဇော်ရန်ဆိုပြီးပေါ့။ မီးပူဇော်ဖို့ ဆည်ကြီးတစ်ဆည်တော့ မလိုအပ်ဘူးပေါ့။ အခုချိန်မှာ မီးပေးတာလည်း မဟာဓာတ်အားလိုင်းဘက်ကတိုက်ရိုက် ပေးတာဆိုတော့ ဒီဆည်ရဲ့အခန်းကဏ္ဍက မီးပေးတာနဲ့ တိုက်ရိုက်ကျတဲ့အခြေအနေမျိုးမရှိတော့ဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ်ဆည်မြောင်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးရွှေထွန်းက ကျောက်တော်မြို့နယ်အတွင်းရှိ ဇီးချောင်းနှင့် ပြိုင်းချောင်းရေလှောင်တမံအတွက် ကျပ်သိန်း ရာဂဏန်းခန့်သာသုံးစွဲနေခြင်းဖြစ်ပြီး တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရန် စိတ်ဝင်စားမှုမရှိ၍ ရေပေးဝေခြင်းမရှိခြင်းသာဖြစ်သည်ဟု ပြောသည်။
“ကျွန်တော်တို့က တောင်သူတွေစိုက်ချင်တယ်ဆိုရင် စိုက်ချင်တဲ့အကွက်ပေါ်မူတည်ပြီးတော့ အဲဒီမြောင်းကရေပေးမယ်ဆိုပြီး ရေရအောင်လုပ်ပေးတာပါ။ သိပ်စိတ်မဝင်စားပါဘူး။ ဒီကလူတွေက များသောအားဖြင့် မိုးစပါးပါပဲ။ နွေစပါးစိုက်တာရှားတယ်။ အခုတောင် ကုမ္ပဏီတစ်ခုကစိုက်ချင်တယ်ဆိုလို့ ကျွန်တော်တို့က ရေရအောင်လုပ်ပေးထားတယ်” ဟုပြောသည်။
ကျောက်တော်မြို့နယ်တွင် လယ်ဧကပေါင်း ၉၇,ဝဝဝ ခန့်ရှိပြီး လက်ရှိတွင် မိုးစပါးသာစိုက်ပျိုးနိုင်ကာ နွေစပါးကို လုံးဝစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
ဇီးချောင်းရေလှောင်တမံကို ကျပ် ၈,၁၇၅ ဒသမ ၆၅ သန်းအကုန်အကျခံ၍ လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့နယ်မှ တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရန်စိတ်ဝင်စားပါက ရေရရှိစေရန် အဆိုပါဇီးချောင်းရေလှောင်တမံအား အစိုးရက ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း ပြည်နယ်ဆည်မြောင်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးရွှေထွန်းက ပြောသည်။
ကျောက်တော်မြို့နယ်တွင် ဇီးချောင်း၊ ပြိုင်းချောင်း၊ ပင်ဇိုင်းနှင့် မင်းသားတောင်ဆည်များရှိပြီး ပြိုင်းချောင်းဆည်တစ်ခုတည်းမှ ရေဖြင့် ဒေသခံလယ်သမားများ၏ လယ်ဧက ၂ဝဝ ခန့် စိုက်ပျိုးနေရကြောင်း သိရသည်။
ဓာတ်ပုံ - မင်းအဂ္ဂ၊ အေးမြတ်ခိုင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ