သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စက်သုံးဆီစျေးဆက်လက်မြင့်တက်နေသဖြင့် မိရိုးဖလာကျွဲနွားများဖြင့် ထွန်ယက်စိုက်ပျိုးရေးစနစ်သို့ တကျော့ပြန်ရောက်ရှိသွားနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k


နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ဓာတ်မြေဩဇာစျေးနှင့်အတူ စက်သုံးဆီစျေးလည်း မြင့်တက်နေသဖြင့် စက်များကို အသုံးပြု၍ ထွန်ယက်စိုက်ပျိုးနေရာမှ ကျွဲနွားများဖြင့် ပြန်လည်စိုက်ပျိုးရသည့်အနေအထားသို့ တကျော့ပြန် ရောက်ရှိလာနိုင်သည်ဟု ဒေသခံလယ်သများက ပြောကြားသည်။
“ ရခိုင်အခြေအနေက လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်စပြီး စက်တွေကို သုံးပြီးထွန်ယက် စိုက်ပျိုးလာကြတယ်။ စက်မှုလက်မှု အနည်းငယ်ဖွံ့ဖြိုးဖို့ ကြံနေတုန်းရှိသေးတယ်။ အခုက ဆီစျေးက အဆမတန်တက်လာတဲ့အတွက် စက်တွေနဲ့ ထွန်နိုင်တော့မဟုတ်ပါဘူး။ ကျွဲနွားတွေနဲ့ ပြန် လယ်ထွန်ရမယ့် အနေအထားသို့ ရောက်ရှိလာပါတယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။
သို့သော်လည်း ရခိုင်တွင် ထွန်ယက်စိုက်ပျိုးမည့် ကျွဲနွားများလည်း ရှားပါး နေပြီဖြစ်သဖြင့် ယခုနှစ်စိုက်ပျိုးရေးကိုအခက်တွေ့နိုင်သည်ဟု ဆိုသည်။
ရခိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲနွားများကို အသုံးပြုမှု နည်းလာပြီး စက်ဖြင့်သာ ထွန်ယက်စိုက်ပျိုးလာနေကြရာမှ ဒီဇယ်ဆီမြင့်တက်မှု၊ ဓာတ်မြေသြဇာစျေးများ အဆမတန် မြင့်တက်မှုကြောင့် လယ်သမားများမှာ ယခုနှစ်တွင် ခက်ခဲသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရပြီဟု ရခိုင်ပြည်လုံး ဆိုင်ရာတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးအောင်ကျော်မြက နိရဥ္စရာ ကိုပြောသည်။
" ရခိုင်ကလယ်သမားတွေဒီနှစ်မှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတယ်။ အရင်ကလို လယ်ထွန်မယ့် နွားတွေမရှိတော့ စက်နဲ့ထွန်တဲ့အခါ ဓာတ်ဆီ၊ ဒီဇယ်ဆီ စျေးတွေလည်းအဆမတန်တက်တယ်။ နောက်တစ်ခုက ဓာတ်မြေသြဇာစျေးကလည်းတက်တော့ လယ်သမားတွေအတွက် ထွန်ယက်စိုက်ပျိုးဖို့ အခက် တွေ့လာနေကြရပြီ " ဟု ၎င်းကပြောသည်။
သို့အတွက် စစ်ကောင်စီအစိုးရအနေဖြင့် လယ်သမားတွေကို ငွေကြေးများ အချိန်မီ ထောက်ပံ့ကူညီရန် လိုအပ်သည်ဟု ၎င်းကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် စက်သုံးဆီ အပါအဝင် တစ်ခြား ကုန်စျေးနူန်းများအဆမတန်မြင့်တက်လာပြီး ၎င်းအကျိုးကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရခိုင်တွင်ပိုမိုခံစားနေရသည်ဟုဆိုသည်။
ရခိုင်လယ်ယာလုပ်ငန်းသည် နှစ်စဉ်အရှုံးပေါ်နေသဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာမှုကြောင့် ဆန်စပါးအရည်အသွေးနှင့် အထွက်နှုန်းလည်း ယခင်ကထက် ကျဆင်းလာခဲ့သည်ဟု ဆိုသည်။
ရခိုင်တွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်သူဦးရေမှာ တစ်နှစ်ထက် တစ်နှစ်လျော့ကျလာပြီး အများစု လူငယ်လူရွယ်များမှာ အိမ်နီးချင်း ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာနေကြသည်ဟု သိရသည်။
ယခင်ကလယ်တစ်ဧက ကိုစက်ဖြင့် ထွန်ယက်ပါက ကျပ် ၁ သိန်းထိပေးခဲ့ရပြီး ယခုနှစ်တွင် ဆီစျေးတက်၍ ယခင်နှစ်ကထက် သုံးပုံနှစ်ပုံ မြင့်တက် သွားနိုင်သလို ဓာတ်မြေဩဇာ တစ်အိတ်မှာလည်း ယခင်က ၃ သောင်း နီးပါးရှိရာမှ ယခုအခါ တစ်သိန်းကျော်ထိ ထိုးတက်သွားသဖြင့် လယ်သမားများ အနေဖြင့် ယခင်နှစ်ကထက် ပိုပြီး အရှုံးပေါ်နိုင်သည်ဟု မာန်အောင်မြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းမင်းကပြောသည်။
" စပါးစိုက်တာ အသုံးပြုရတဲ့ အရင်းနှီးတအားများတယ်။ ရလဒ်ကတော့ နှစ်စဉ် ရှုံးတယ်။ လယ်ယာသုံးစရိတ်တွေကသာစျေးကြီးတာ။ စပါးတွေက စျေးကောင်းကောင်းမရဘူး။ အဲ့ဒါကြောင့် ရခိုင်မှာ စပါးစိုက်တဲ့သူတောင် သိပ်မရှိတော့ဘူး"ဟု ပြောသည်။
စပါးစိုက်ပျိုးသူနည်းလာလျှင် ရခိုင်ပြည်၏ စီးပွားရေးအကျပ်အတည်းဖြစ် လာနိုင်ပြီး ပြည်နယ်အတွင်းအလုပ်အကိုင်မဲ့ကာ ပြည်တွင်း မတည်မငြိမ်မှုတိ ဖြစ်လာနိုင်သည်ဟု လယ်သမားများကသုံးသပ်ပြောဆိုကြသည်။

ဆက်စပ် သတင်းများ