သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲများကြောင့် စစ်တွေဆန်စျေးကွက်ရောင်းအားကျဆင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k



နှင်းဝေဝေကျော်
စစ်တွေ၊ ဇွန် ၂၇/ ၂ဝ၁၉ (စီးပွားရေး)

ယခုလက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောတိုက်ပွဲများကြောင့် စစ်တွေမြို့တွင် ဆန်စျေးကွက်တွင် ဆန်ရောင်းအားကျဆင်းနေသည်ဟု သိရသည်။

စစ်တွေမြို့ရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်နုအေးခင်က“ အခုလို ဆန်ရောင်းအားကျတာကတော့ မိုးရာသီကြောင့်ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။

ယခင်နှစ်များက ဆန်ရောင်းအားကျဆင်းနေသည့်အချိန်များတွင်တောင်မှ တစ်ရက်လျှင် သူမ၏ ဆန်ပွဲရုံမှ အနည်းဆုံး ဆန်အိတ် ၅ဝ မှ ၁ဝဝ ကြား ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် တစ်ရက်လျှင် ဆန်တစ်အိတ်မျှ မရောင်းရသည့် ရက်များလည်းရှိကြောင်း သူမက ပြောဆိုသည်။

စစ်တွေဆန်စျေးကွက်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့များမှ မှာယူရောင်းသည့်ဆန်များမှာ စျေးနှုန်း အတက်အကျ မရှိသော်လည်း ပြည်မဘက်မှ မှာယူရောင်းချရသည့်ဆန်များမှာ သယ်ယူမှု အခက်အခဲများရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၃ဝဝဝ ခန့် စျေးမြင့် တက်နေကြောင်းလည်း သိရသည်။
 
ဆန်ပွဲရုံပိုင်ရှင် ဒေါ်နုအေးခင်က“ ဗမာပြည်ဘက်က ကားသမားတွေက တိုက်ပွဲတွေကြောင့် ဒီဘက်ကိုမလာရဲကြတဲ့အတွက် သံတွဲဘက်က ကားသမားတွေကို သယ်ခိုင်းရတယ်။ အရင်တုန်းက ဆန်တစ်အိတ်ကို ကားနဲ့သယ်ခ ၄၅ဝဝ လောက်ပေးရပေမယ့် အခုတော့ ၆ဝဝဝ၊ ၆၅ဝဝ လောက်ပေးပြီး သယ်ရတယ်”ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် စစ်တွေဆန်စျေးကွက်အတွင်း ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၅ဝဝဝ ကျပ်မှ ၃၈ဝဝဝ ကျပ်အတွင်း၊ သီရိဒုံတစ်အိတ်လျှင် ၂၅ဝဝဝ ကျပ်နှင့် ရွှေဝါထွန်းတစ်အိတ်လျှင် ၂၃ဝဝဝ ကျပ် စျေးရှိနေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ