သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းစက်မူဇုန် အကောင်အထည်ဖော်ရန် တရုတ်ကျောထောက်နောက်ခံကုမ္ပဏီတစ်ခုမှ တင်ဒါလျှောက်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 711

နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၁ဝ/၂ဝ၂ဝ

တရုတ်အစိုးရနှင့် သဘောတူညီမှု ရရှိထားသည့် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြုပ်နှံမှုနှင့် တိုးတက်ရေးကုမ္ပဏီ လီမိတက်သည် ပုဏ္ဏားကျွန်းစက်မူဇုန် အကောင်အထည်ဖော်ခွင့် ရရှိရန် အတွက် ယနေ့ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးထံတွင် တင်ဒါလျှောက်ထားသည်ဟု သတင်းရရှိသည်။

၄င်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်သိန်းက “ကျနော်တို့ရဲ့ စီမံကိန်းတွေကို အသေအချာ အစိုးရအဖွဲ့ကို ရှင်းပြတယ်။ အစိုးရ အဖွဲ့ကလည်း အားရဝမ်းသာကြိုဆိုပါတယ်။ ကျနော်တို့ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ကို တင်ပြ ပြောဆိုထားပါတယ်” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ၄င်းတင်ဒါကျပါက ပုဏ္ဏားကျွန်းစက်မှုဇုန်၊ ကျောက်ဖြူစက်မှုဇုန်၊ စစ်တွေ ရေနက် ဆိပ်ကမ်းများ၊ အမြန်ရထားလမ်းများ၊ အမြန်ကားလမ်းများကို ဆောက်လုပ်သွားမည်ဟု ပြောကြားသည်။

“ အစိုးရက ခွင့်ပြုရင် ပထမ အဓိက  ဦးစားပေးအနေနဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန် အရင်ဆုံး အကောင်အထည် ဖော်ပါမယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအကြားမှာ ဆက်သွယ်ရေးအတွက် ၆ လမ်းသွား အမြန်ကားလမ်းမ တစ်ခု ဖေါက်လုပ်ပေးပါမယ်။ တန်ချိန် ၂ဝ လောက်ပါတဲ့ ကွန်တိန်နာ ကားကြီးတွေ ဥဒဟို သွားလို့ရအောင် ကားလမ်းတွေ လုပ်ပါမယ်။ လမ်းမှာရှိတဲ့ မင်းဂံချောင်း၊ မင်းချောင်း၊ တန်းခိုး၊ တန်းစွယ် ချောင်းတွေကိုလည်း အောက်က လှေသင်္ဘောတွေ သွားလာလို့ ရအောင် တည်ဆောက်ပေးသွားပါမယ်” ဦးကျော်သိန်းက ဆက်လက် ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရကို တင်ပြခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရမှ ယနေ့ ခွင့်ပြုလျှင် မနက်ဖြန် အာမခံကြေး ပိုက်ဆံသွင်းပြီး စီမံကိန်းကို စတင်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအား မိုးရာသီ မရောက်မီ လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်ပြီး ချပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြုပ်နှံမှုနှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် တရုတ်အစိုးရတို့အကြား စာချုပ် ချုပ်ဆိုထားပြီး စုစုပေါင်း တရုတ်ယွန်ငွေ ၆၉ဝဝ ဘီလီယံကျော်ကို ရင်းနှီးမြုပ်နှံရန် သဘောတူထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

“ ကျွန်တော်တို့ကုမ္ပဏီနဲ့ တရုတ် အစိုးရတို့အကြား သဘောတူ စာချုပ်မှာတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေ အပါအဝင် တစ်ခြား တိုင်းနဲ့ ပြည်နယ်တွေကို ဖြတ်သန်း ဖောက်လုပ်မယ့် ကားလမ်း၊ ရထားလမ်း အတွက် တရုတ်ယွန်ငွေ ၆၉ဝဝ ဘီလီယံကျော်ထိ ရင်းနှီးမြုပ်နှံဖို့ သဘောတူထားပါတယ်။ ရခိုင်ပြည်နယ် စီမံကိန်းကတော့ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် အပေါ်မှာတည်ပါတယ်။ ပြည်နယ် အစိုးရက ဒေါ်လာ သန်း ၁ဝဝ စီမံကိန်းလောက်ကိုဘဲ ခွင့်ပြုနိုင်တော့ ဒီလို စီမံကိန်းကြီးတွေ အတွက် ဗဟို အစိုးရရဲ့ ခွင့်ပြုချက် လိုပါတယ်။ အကယ်၍ ဗဟို အစိုးရကခွင့်ပြုတယ်ဆိုရင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆောတလျင် ဆောက်ရွက် သွားမှာပါ။ ခွင့်ပြုချက် အပေါ်မှာ တည်ပါတယ်။ ရခိုင်ပြည်နယ် စီမံကိန်းတွေအတွက် ဒေါ်လာ ဘီလီယံ ၁ဝဝ  သုံးမလား၊ ဘီလီယံ ၃ဝဝ သုံးမလား ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် တရုတ်အစိုးရဘက်က သဘောတူထားပါတယ်” ဟု ပြောဆိုသည်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် တရုတ်အစိုးရတို့ ချုပ်ဆိုထားသော စာချုပ်ကိုလည်း ပွင့်လင်းမြင်သာမှု ရှိအောင်ချပြသွားရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်ကို စတင် အကောင်အထည် ဖော်ခွင့်ရပါက အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံကျော် စတင် အသုံးပြု သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ဆောက်လုပ်ရန်အတွက် အစိုးရထံမှ တင်ဒါကျပါက ၄င်းနေရာတွင် အထည်ချုပ်စက်ရုံများ၊ ရေထွက်ပစ္စည်းစက်ရုံများနှင့် တခြားစက်ရုံများကိုတည်ဆောက်မည်ဖြစ်ကြောင်းဖြင့်လည်း သူက ဆက်ပြောခဲ့သည်။

အဆိုပါကစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ရခိုင်မှာ ကျောက်ဖြူစီးပွားရေး ဇုန်စီမံကိန်း၊ ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းတို့က နာမည်ကြီးနေတာတော်တော်ကြာပြီ။ အစိုးရက ဒီစက်မှုဇုန် ဖြစ်မြောက်အောင် အဓိကဆောင်ရွက်ပေးဖို့လိုတယ်။ ဒီစီမံကိန်းတွေဖြစ်မြောက်လာရင် ပြည်သူတွေအတွက် အမျာကြီးအကျိုးရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရလာမည်” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၂ဝ၁၂ ခုနှစ်ကတည်းက အကောင်အထည်ဖော် တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်သည် ရခိုင်ပြည်သူ/သားများ အတွက် အနာဂတ်မျှော်လင့်ချက်တစ်ခု ဖြစ်သော်လည်း ယခုအချိန်အထိ အကောင်အထည် ပေါ်မလာခြင်း မရှိ သေးသဖြင့် အစိုးရအပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရှိရသည်။

-------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁ဝ/၂ဝ၂ဝ













ဆက်စပ် သတင်းများ