တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရွှေစျေး တက်လာ၍ စစ်တွေရှိရွှေဆိုင်များ အရောင်းအဝယ်များရပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

နှင်းနွယ်နီ
နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၁
ယခုရက်ပိုင်းအတွင်း ရွှေစျေးများတက်လာသည့်အတွက် စစ်တွေမြို့ရှိ ရွှေဆိုင်များတွင် အရောင်းအဝယ်များ ရပ်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
“ရွှေစျေး တဖြည်းဖြည်းတက်နေတာကတော့ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့လောက်ကနေ တက်နေတာပါ။ အရောင်းအဝယ်က ရွှေစျေးတက်နေတော့ ရပ်သွားတယ်။” ဟု မြင့်မိုရ်ရိပ်ရွှေဆိုင်ပိုင်ရှင် မခင်မေကျော်က ပြောသည်။
ယခုရက်ပိုင်း ဒေါ်လာစျေးမြင့်တက်လာသည့်အတွက် ယခင်က ၁၆ ပဲရည် ရွှေတစ်ကျပ်ကို ၁,၅၈၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ၁,၇၀၀,၀၀၀ ဝန်းကျင် အထိရှိလာပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်ကို ယခင်က ၁,၄၇၅,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ၁,၆၀၀,၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။
သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်ကလည်း ရွှေစျေးတက်၍ ယနေ့အရောင်းအဝယ်များရပ်နေကြောင်း ပြောသည်။
“ရွှေစျေးတက်နေတော့ အရောင်းအဝယ်မဖြစ်ပါ။ ဆိုင်မှာ လူမရှိဘူး။ မနေ့ကတော့ ရွှေစျေးတက်လို့ ဝယ်ကြတာတော့ရှိတယ်။ ဒီနေ့တော့ အရောင်းအဝယ်မဖြစ်ဘူး။” ဟုပြောသည်။
ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ၁၆ ပဲရည် ရွှေအဖွင့်စျေးကို ၁,၇၁၀,၀၀၀ နှင့်ဖွင့်ခဲ့ရာမှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ တွင်မူ ၁,၆၇၀,၀၀၀ ရှိနေကြောင်းနှင့် အချိန်နှင့်လိုက်ပြီး စျေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်း ကိုကျော်မျိုးသန့်က ဆက်ပြောသည်။

ဆက်စပ် သတင်းများ