တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာ၍ နယ်စပ်ကုန်သွယ်ရေးကို စက်တင်ဘာလအတွင်း ပြန်ဖွင့်နိုင်ရန်စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 617

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို လာမည့် စက်တင်ဘာလအတွင်း ပြန်ဖွင့်နိုင်ရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုလျော့ကျလာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ရန် အစီစဉ်ဆွဲခဲ့ကြကြောင်း မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုံမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက နိရဥ္စရာသတင်းဌာနအားပြောသည်။
“ကိုဗစ်ရောဂါပိုးဟာ ရခိုင်ပြည်အနေအထားမှာတော့ ကောင်းတဲ့ဖက်ကို ရောက်လာပြီးပေါ့။ ကျွန်တော်တို့အမြင်ကတော့ စက်တင်ဘာလကုန်ပိုင်းလောက်ဖွင့်နိုင်မယ်ပေါ့။ တချို့ကတော့ စက်တင်ဘာ ၁၅ ရက်လောက်မှာဖွင့်နိုင်မယ်လို့မှန်းတယ်။ ကျွန်တော်တို့ကုန်သည်တွေကို အစီအမံရေးဆွဲပြီးတင်ခိုင်းတယ််။ ကျွန်တော်တို့လည်း ဒီနေ့ပြန်ရောက်ရင် အစီအမံတွေရေးဆွဲပြီး သုံးရက်အတွင်းပို့ဖို့ စီစဉ်ထားပါတယ်” ဟုပြောသည်။
၄င်းတို့အနေဖြင့် နိုင်ငံ့ဝင်ငွေနှင့် နယ်စပ်ကုန်သွယ်ရေးမှ အလုပ်သမားတို့၏ဘဝအတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ကိုဗစ်စည်းကမ်းနှင့်အညီလုပ်ကိုင်နိုင်ပါက အဆင်ပြေနိုင်ကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ပိုးအသစ်တစ်မျိုးထပ်မံတွေ့ရှိနေကြောင်းသတင်းကြားသဖြင့် အခြေအနေစောင့်ကြည့်နေကြကြောင်း သူက ဆက်ပြောသည်။
“သူတို့ဖက်မှာ ပိုးအသစ်တွေ့နေတာကတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ဖက်ကလည်း ကျွန်တော်တို့ဖက်က ကူးမှာကြောက်သလို ကျွန်တော်တို့ဖက်ကလည်း သူတို့ဆီကကူးမှာကြောက်ကြတာပါပဲ။ ကိုဗစ်စည်းကမ်းနဲ့အညီလုပ်ရင်တော့ ရလောက်တယ်” ဟုသူက ဆက်ပြောသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ကိုဗစ်ဖြစ်ပွားမှုများလာ၍ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၃ လကျော်ဖွင့်လှစ်ခဲ့ပြီးနောက် ရခိုင်တွင် ကိုဗစ်တတိယလှိုင်းထပ်မံဖြစ်ပွားလာသည့်အတွက် အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့ရသည်။
ဖွင့်လှစ်နိုင်ခဲ့သည့် ၃ လကျော်အတွင်း ယင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅ သန်းခန့် ဝင်ငွေရှိခဲ့သည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက နိရဥ္စရာကိုပြောသည်။
“နယ်စပ်ကုန်သွယ်ရေးဖွင့်ဖို့အစီစဉ်ရှိတယ်။ ကျန်းမာရေးက ဒီအချိန်မှာဖွင့်လို့ရပါပြီဆိုတာနဲ့ဖွင့်တော့မှာ။ စက်တင်ဘာလ ဒုတိယအပတ် ကုန်ခါနီးလောက်ကို မှန်းထားတယ်။ ထိုအရင်ကပိတ်ထားပြီးပြန်ဖွင့်တဲ့အချိန်မှာလေ။ ဧပြီလ ၁၂ ရက်နေ့ကစပြီးတော့ အမေရိကန်ဒေါ်လာ ၅ သန်းလောက်ဝင်ငွေရှိခဲ့တာ။ ပိတ်ထားတဲ့ကာလအတွင်း ဆုံးရှုံးမှုတော့ရှိတာပေါ့။ ခန့်မှန်းလို့မရဘူး။” ဟုပြောသည်။
ပြီးခဲ့သည့်နှစ်များက အဆိုပါမောင်တောကုန်သွယ်ရေးစခန်းမှတဆင့် တစ်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ကြက်သွန်အပါအဝင် မီးဖိုချောင်းသုံးပစ္စည်းများဖြစ်သော ဆီ၊ ဆား၊ ငရုတ်၊ ဂျင်းနှင့် ဆနွင်းတို့အား ၉ဝ ရာခိုင်နှုန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃,၈၃ဝ ဦးနှင့် သေဆုံးသူ ၃၆၇ ဦးအထိရှိခဲ့ပြီး သြဂုတ်လအတွင်း ကူးစက်မှု၊ သေဆုံးမှုမှာ ၅ဝ ရာခို်င်နှုန်းအထိ လျော့နည်းလာခဲ့ပြီဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ